ရန်ကုန်၊ဒီဇင်ဘာ ၂၅ – ၂၀၂၃
GG(VOM)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ တိုက်ပွဲတွေပြင်းထန်လာနေပြီး နှစ်ဘက်ပစ်ခတ်မှုတွေအကြား လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားသေဆုံးတာရှိနေသလို ရှေးဟောင်းကျောက်စာတွေ ထိန်းသိမ်းထားတဲ့ပြတိုက်လည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ AA ရခိုင့်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ပြီး လက်နက်ကြီးတွေပစ်ခတ်မှုကြောင့်ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၅ နာရီလောက်မှာ နန်းတော်ရာပြတိုက်ပေါ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ပြတိုက်ထဲမှာထိန်းသိမ်းထားတဲ့ ကျောက်စာတိုင်တွေထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့မှာလည်း လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲပြီး ဆိုင်ကယ်စီးလာတဲ့ မိသားစုကို ထိမှန်ကာ မိခင်နှင့် ဖခင်ဖြစ်သူသေဆုံးပြီး ကလေးငယ်က ဒဏ်ရာရရှိခဲ့ရတယ်လို့သိရပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုတွေအဆက်မပြတ် ရှိနေတာကြောင့် မြို့ပေါ်နေထိုင်သူတွေဟာ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
” လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ မြို့ပေါ်ကိုပစ်နေတာပါ။လွတ်ရာကို ကြည့်နေရတယ် ” လို့ မြောက်ဦး မြို့ခံ တယောက်ကပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၄ ရက်မှာ AA က မြောက်ဦးမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတာဖြစ်ကြောင်း ခုချိန်ထိ ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။
မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး နစက လုံခြုံရေးတပ်တွေနဲ့ AA အကြားတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့အထိဆိုရင် တိုက်ပွဲတွေဖြစ်ပွားမှုဟာ ၁၂ ရက်ရှိလာပြီဖြစ်ပြီး သေဆုံးသူတွေလည်း ငါးယောက်ထက်မနည်းရှိနေသလို ဒဏ်ရာရသူအများအပြားလည်း ရှိနေတယ်လို့သိရပါတယ်။
ဒါအပြင် မြောက်ဦးမြို့နယ်က ရှေးဟောင်းဘုရားစေတီတစ်ဆူနဲ့ သာသနိကအဆောက်အဦးအချို့လည်း ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ မြောက်ဦး မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြို့နဲ့ကျေးရွာတွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒေသခံတွေအများအပြားရှိလာနေတယ်လို့သိရပါတယ်။