အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူ ၂၄၀ ကျော်သေဆုံး

 

ဂါဇာစီးတီး၊ ဒီဇင်ဘာ-၂၇-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးစစ်တပ်က ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၂၄၁ ယောက်သေဆုံးခဲ့ပြီး ၃၈၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဟားမတ်စ်နဲ့ ပဋိပက္ခဟာ လပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပြီး စစ်ပွဲဟာ ပြည်သူတွေအပေါ် ဆိုးရွားတဲ့ ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း ပါလက်စတိုင်း သမ္မတမိုဟာမက် အဘစ်က ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာအလယ်ပိုင်းမှာ မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြီးခဲ့တဲ့နေ့ကတော့ နေရာပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရ စစ်ပွဲ ၁၁ ပတ်အကျော်ကာလအတွင်း ပါလက်စတိုင်းအရပ်သား ၂၀၉၁၅ ယောက် သေဆုံးခဲ့ပြီး အများစုကတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေက အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစ္စရေးအရပ်သား ၁၂၀၀ သေဆုံးပြီး လူ ၂၄၀ ကိုဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ နောက်ပိုင်းမှာတော့ နှစ်ဘက်သဘောတူညီချက်အရ အများစု ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Ref:BBC

Photo:AFP/AP

 

Related posts

VOM News

FREE
VIEW