နေပြည်တော်မှာ စစ်ဆေး ဆရာဝန်က မိန်းမဖြစ်သူကို ကိုယ်နှစ်ပိုင်းဖြတ်သတ်

 

ဒီဇင်ဘာ ၂၈ ၊ ၂၀၂၃

SP + KT (VOM)

နေပြည်တော်ကောင်စီနယ်မြေ ၊ ဇေယျာသီရိခရိုင် ၊ ပုဗ္ဗသီရိမြို့နယ် ၊ ဝဏ္ဏဒီပရပ်ကွက် ၊ ရာဇသင်္ဃဟလမ်းနဲ့ ပိတောက်လမ်းဆုံတဲ့နေရာနားမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်က ကိုယ်နှစ်ပိုင်းဖြတ်တောက်ခံထားရတဲ့ အမျိုးသမီး ရုပ်အလောင်း သက်ဆိုင်ရာက တွေ့ရတယ်လို့ သိရပါတယ်။

” ဖြစ်စဥ်က ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၂၅ ရက် ( ခရစ္စမတ်)ညက အခင်းဖြစ်တယ် ၊ အဲ့ဒီ ညတွင်းချင်း အလောင်းကို စွန့်ပစ် ဖျောက်ဖျက်ပစ်ဖို့ ပြုလုပ်တယ် ၊ နေပြည်တော်မှာက လုံခြုံရေးတွေက တင်းကြပ်ထားတော့ အလောင်းကို တခြား ခပ်ဝေးဝေးမှာ စွန့်ပစ်ဖို့ အချိန်မရလိုက်ဘူး ၊ အဲ့ဒီတော့ အချိန်ရတဲ့နေရာမှာပဲ စွန့်ပစ်ထားတယ် ” လို့ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ရုပ်အလောင်းဟာ နေပြည်တော် အမှတ် ၂ တပ်မတော် သားဖွားမီးယပ်နဲ့ ကလေးဆေးရုံမှာ ပါရဂူ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် ဗိုလ်မှူးကြီး ဇေယျာလင်း ဆိုသူရဲ့ မိန်းမဖြစ်တယ်လို့ သက်ဆိုင်ရာရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဇေယျာသီရိခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” သေဆုံးသူက ဆရာဝန် ( ဗိုလ်မှူးကြီး ဇေယျာလင်း)ရဲ့ မိန်းမ ဖြစ်တယ် ၊ ကနဦး သိရတာက လင်မယားချင်းအိမ်ထောင်ရေး ကိစ္စကနေ ပြဿနာဖြစ်ရင်း အခုလို လူသတ်မှုဖြစ်သွားတာပါ ၊ သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားပြီးဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဗိုလ်မှူးကြီး ဇေယျာလင်း တို့ မိသားစုမှာ တဦးတည်းသော သမီးလေးတယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာမှာ နေပြည်တော်ကောင်စီနယ်မြေမှာ သေမှုသေခင်း ဖြစ်စဥ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW