ဝန်းသိုမြို့နယ်မှာ ကားနဲ့ ဆိုင်ကယ်တွေကို ပစ်ခတ်ဖမ်းဆီးခံရလို့ လူ ၁၄ ယောက် သေဆုံး

 

ဒီဇင်ဘာ ၊ ၂၉ ၊ ၂၀၂၃

SP(VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဝင်းကြီးကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက ကားနဲ့ ဆိုင်ကယ်တွေကို နစက တပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အဲ့ဒီ ပစ်ခတ်ဖမ်းဆီးမှုက ဝင်းကြီးရွာနားမှာ ဖြစ်တာပါ ၊ နစက လုံခြုံရေး အဖွဲ့တွေက ကင်းပုန်ချပြီး ပစ်ခတ်ဖမ်းဆီးတာ ဖြစ်တယ် ၊ ကား တစီးနဲ့ ဆိုင်ကယ် ငါးစီးကို ပစ်ခတ်ဖမ်းဆီးတာ ၁၄ ယောက် သေဆုံးသွားတယ် ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ ဒီမနက်အထိ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကောလင်းခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဝင်းကြီးရွာမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ လုံခြုံရေး အဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပွားပြီး အမည်မသိ (စုံစမ်းဆဲ) အမျိုးသား ၁၄ လောင်း ၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ အမ်-၂၂ ကျည် ၃၅၂ တောင့်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ အိုင်ကွန် ၅ လုံး၊ ယူနီဖောင်း ၃ စုံ၊ ပြောက်ကျားကျောပိုးအိတ် ၆ လုံး၊ ဆိုင်ကယ် ၅ စီးနဲ့ ကား တစီးသိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ဝန်းသိုမြို့နယ်ဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ရဲ့ မြောက်ဘက် ၉ မိုင်ဝန်းကျင်မှာ တည်ရှိပြီး နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က ဝန်းသိုမြို့ ၊ မြို့သစ်ရပ်ကွက်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရလို့ လေးဦးသေဆုံးပြီး ၊ ငါးဦးထက်မနည်း ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW