မန္တလေးမြို့မှာ အမျိုးသမီး ဒုရဲအုပ် တယောက် ပစ်သတ်ခံရ

 

 

ဒီဇင်ဘာ ၊ ၂၉ ၊ ၂၀၂၃

SP ( VOM)

မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့ ၊ ၈၁ လမ်း ၊ ၂၈ နဲ့ ၂၉ လမ်း အကြားမှာ ဒီကနေ့ ညနေပိုင်းက ဒုရဲအုပ်မေသဥ္ဇာဝင်းပြည့်ဆိုတဲ့ အမျိုးသမီးတယောက် ပစ်သတ်ခံရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

” အမှတ် ၈ ရဲစခန်းက အမှုစစ် ရဲအရာရှိ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ တယောက် ပစ်ခံရတယ် ၊ သူက ရဲစခန်းကနေ နေအိမ်အပြန် လမ်းမှာ ပစ်ခံရတာဖြစ်လို့ နေရာမှာတင် ပွဲချင်းပြီး သေတယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီ ရဲမေ ( စခန်းအခေါ် ဂျက်မ)က ဆိုင်ကယ်နဲ့ လာတဲ့အချိန် ၊ သူ့ဆိုင်ကယ်နောက်က ဆိုင်ကယ်တစီး လိုက်လာပြီး ပစ်သတ်သွားတာပါ ၊ အမှုဖွင့်အရေးယူထားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက အောင်မြေသာစံခရိုင် ၊ အောင်မြေသာစံမြို့နယ် ၊ အမရဌာနီ အရှေ့( မြောက်ပြင်) ရပ်ကွက် ၉ လမ်းနဲ့ ၇၉ × ၈၀ လမ်းကြားမှာ နယ်ထိန်း ရဲတပ်သား မိုးဆန်းဦး ဆိုသူပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက် ၊ ၁၉ လမ်း၊ ၈၆ × ၈၇ လမ်းကြားရှိ ၊ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရပ်ကွက်အုပ်ချုပ်​ရေးမှုးရုံးအခြေပြု လုံခြုံရေးဆောင် ရွက်ပေးနေတဲ့ လုံခြုံရေးအဖွဲ့က ရဲ တပ်ကြပ်ကြီး တစ်ယောက်လည်း ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် ပြီးခဲ့တဲ့ မေလဝန်းကျင်ကလည်း မြစ်ငယ် ရထား ရဲတပ်ဖွဲ့မှာ တာဝန်ကျနေတဲ့ ဒုရဲမှူး တယောက်ဟာ ပုသိမ်ကြီးမြို့နယ်ထဲက မိသားစုအိမ်ကို အလည်သွားရင်း အဲ့ဒီ အိမ်ထဲမှာပဲ ပစ်သတ်ခံရပြီး သေနတ်နဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မန္တလေးတိုင်းမှာ ပစ်သတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်ရှိတယ်လို့ သိရပြီး အဲ့ဒီထဲက ဝမ်းတွင်းမြို့မှာ သတင်းရဲတပ်ဖွဲ့တာဝန်ခံ တစ်ဦးအပါအဝင် ရထားရဲတပ်ဖွဲ့ဝင်တွေ ၊ နယ်ထိန်းရဲတွေ ၊ အချုပ်ကား လုံခြုံရေး တာဝန်ကျ ရဲတွေ ပါဝင်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ နောက်ပိုင်း တိုက်ပွဲတွေမှာလည်း နယ်က ရဲစခန်းတွေ တိုက်ခိုက်ခံရတာများလာပြီး ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှု အရေအတွက် တိုးလာနေပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW