ထောက်လှမ်းရေးဂြိုဟ်တု သုံးလုံး လာမယ့်နှစ်မှာ လွှတ်တင်ဦးမယ်လို့ မြောက်ကိုရီးယားပြော

 

ပြုံးယမ်း၊ ဒီဇင်ဘာ-၃၁-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားစစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် နောက်ထပ် ထောက်လှမ်းရေးဂြိုဟ်တု သုံးလုံးကို လာမယ့်နှစ်မှာ လွှတ်တင်ဖို့စီစဉ်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လက အာကာသထဲကို ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ခဲ့ပြီး ဒီဂြိုဟ်တုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ဘက်ဆိုင်ရာ နေရာအနှံ့အပြားကို ဓါတ်ပုံရိုက်ယူခဲ့ကြောင်း မြောက်ကိုရီးယားက အခိုင်အမာဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွက် မြောက်ကိုရီးယားရဲ့ ရည်မှန်းချက်တွေကို ချမှတ်ရာမှာ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ အခြေခံကျတဲ့ အပြောင်းအလဲကို မြင်တွေ့ရလိမ့်မယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။

သူ့အနေနဲ့ ရွေးချယ်စရာလမ်းမရှိကြောင်းနဲ့ နျူကလီးယားရည်မှန်းချက်တွေကို ရှေ့ဆက်သွားမယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို ရန်သူလိုဆက်ဆံနေတာကြောင့် ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်တော့ဘူးလို့ ကင်ဂျုံအန်က ပြောပါတယ်။

နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ယိုယွင်းနေပြီး ပြီးခဲ့တဲ့လက မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ပြီးနောက်မှာ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုတွေကို လျှော့ချဖိုရည်ရွယ်ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေကျု ဖျက်သိမ်းခဲ့ကြပါတယ်။

မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ဒုံးကျည်ပစ်လွတ်မှုတွေကို စံချိန်တင်လုပ်ဆောင်ခဲ့ပြီး ယခုလအစောပိုင်းကလည်း အမေရိကန်ထိရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW