ကွတ်ခိုင်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

 

ဇန်နဝါရီ ၂၊ ၂၀၂၄

Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ထဲ ရပ်ကွက် တချို့နဲ့ မြို့အနီးဝန်းကျင်က ရွာတွေမှာ ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး လက်ရှိချိန်ထိ တိုက်ပွဲ ပြင်းထန် လာနေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

ကွတ်ခိုင် အခြေစိုက် စစ်တပ်စခန်းဘက်ကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ပူးပေါင်း မဟာမိတ်အဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်လာလို့ တိုက်ပွဲ ပြင်းထန်နေတာလို့ ဒေသခံ တွေက ပြောပါတယ်။

“မနေ့က တရုတ်သင်္ချိုင်းဘက်နဲ့ ရပ်ကွက် ၅ စေတီကုန်းဘက် တော်တော် ဆိုးတယ်။ အများစုကတော့ အစောကတည်းက ရှောင်ထားကြပြီ။ ကျနော်တို့တောင် မရှောင်ပဲ နေမလို့ အမေတို့ အဖိုးတို့ ကျတော့ လက်နက်ကြီး ပစ်သံ မခံနိုင်လို့ မြန်ပြိန်းဘက် ရှောင်ဖို့ လုပ်နေတယ်” လို့ ဒေသခံ လူငယ် တယောက် က ပြောပါတယ်။

တရုတ် သင်္ချိုင်းကုန်းရှိရာ ကွတ်ခိုင်မြို့နဲ့ ကပ်လျက် ဟိုကျန့်၊ မန်ထန်၊ ဟွေခုတ် ရွာဘက်တွေက လေကြောင်းတိုက်ခိုက်မှု ဆိုးဆိုးရွားရွား ခံရပြီး ရပ်ကွက် ၅ စေတီကုန်း တောင်ခြေဘက်မှာတော့ လက်နက်ကြီး ကျရောက်မှု အများဆုံး ခံရတယ်လို့ ဆိုပါတယ်။

“မနေ့က မြို့ထဲ အိမ် တစ်အိမ်မှာ လက်နက်ကြီးကျလို့ အိမ် အစောင့် အမျိုးသား တယောက် လက်နက်ကြီးကျည်စ ထိမှန် သေဆုံးသွားတယ်။ ကျန်တဲ့ လူတွေက အစောကတည်းက ရှောင်ထားလိုက်တာ။ အိမ်စောင့် တယောက်ပဲ ကျန်ခဲဘတာ ထိသွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ဒေသခံ အများစု စစ်ရှောင်ကြပေမယ့် တချို့ မရှောင်နိုင်တဲ့သူတွေ ရှိနေပြီး အင်တာနက်လိုင်း ပြတ်တောက်နေကာ ဖုန်းလိုင်းတွေ ရလိုက် မရလိုက် ဖြစ်နေတဲ့ အပြင် မြို့တွင်းဖုန်း အချင်းချင်း ဆက်လို့မရဖြစ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ကောင်းကောင်း မသိနိုင်ဘူးလို့ သူက ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ ကနေ ဇန်နဝါရီ ၁ ရက်နေ့အထိ သုံးရက်အတွင်း ဟွေခုတ်ရွာမှာလည်း အရပ်သား ပြည်သူ တယောက်သေဆုံးကာ သုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ် လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကွတ်ခိုင်မြို့ ရပ်ကွက် ၃ နဲ့ ၄၊ ရပ်ကွက် ၅ စေတီကုန်းနဲ့ တောင်ခြ တဝိုက်၊ ရပ်ကွက် ၈၊ ကွက်သစ် နတ်စင်ကွေ့နဲ့ ပြည်ထောင်စု လမ်းမပေါ် တွေနဲ့ ကွတ်ချုင်မြို့နဲ့ ကပ်လျက် ဟိုကျန့်ရွာ၊ မန်ထန်ရွာ၊ ဟွေခုတ်ရွာ၊ လွယ်ဆိုင်ရွာ ဘက်တွေမှာ ထိတွေ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်လာနေတာကြောင့် တောတောင်တွေဘက်၊ ရွာဘက်၊ မြို့ဘက် နဲ့ တချို့က မြို့ထဲ လုံခြုံတယ်လို့ ယူဆရတဲ့ နေရာတွေမှာ တိုက်ပွဲရှောင် နေကြရတယ်လို့ ဆိုပါတယ်။

Photo: Shy V

 

Related posts

Leave a Comment

VOM News

FREE
VIEW