မုဒုံမြို့မှာ ကျောင်းကားမှောက်လို့ ကျောင်းသူ၊ကျောင်းသားတွေအပါအဝင် ၁၃ ယောက် ဒဏ်ရာရ

 

ဇန်နဝါရီ ၁၃ – ၂၀၂၄

SN (VOM)

မွန်ပြည်နယ်၊ မုဒုံမြို့မှာ မနေ့ ဇန်နဝါရီ ၁၂ ရက်၊ ညနေ ၃ နာရီဝန်းကျင်က ကျောင်းကြို/ပို့ကားတစီး တိမ်းမှောက်ပြီး ကျောင်းသူ၊ကျောင်းသားတွေ အပါအဝင် ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မုဒုံအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ (MERT) မှ သိရပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်ဟာ မုဒုံမြို့၊ မော်သံလမ်း၊ ကော့ခပုံကျေးရွာ၊ အဇင်းစိုက်ပျိုးရေးခြံရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်‌ကြောပေါ်ကို ရောက်ရှိကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“လူနာကတော့ ၁၃ ယောက်ပေါ့။ ယာဉ်မောင်းလည်းပါတယ်။ ဒဏ်ရာရတဲ့သူတွေကို အရင်ဆုံး မုဒုံဆေးရုံကို ပို့တယ်။ ဒဏ်ရာများတဲ့ သူတွေကိုတော့ မုဒုံဆေးရုံကနေမှတဆင့် မော်လမြိုင်ဆေးရုံကို ပို့တာပါ။ ‌ဒဏ်ရာများတာက ယာဉ်မောင်းနဲ့ ကျောင်းသား၊ ကျောင်းသူ နှစ်ယောက်လောက်ပါ။ ယာဉ်မောင်းကတော့ ဒဏ်ရာအပြင်းဆုံးပေါ့။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်” လို့ MERT မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

Nissan vanette အမျိုးအစား (အဖြူရောင်) တက္ကသိုလ်ကျောင်း ကြို/ပို့ ယာဉ်ဟာ မော်လမြိုင်တက္ကသိုလ်က ကျောင်းသား/သူ ၁၃ ယောက်ကို တင်ဆောင်ကာ မော်လမြိုင်ဘက်ကနေ မုဒုံဘက်ကို မောင်းနှင်လာစဉ် အခင်းဖြစ် နေရာအရောက်မှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းအပါဝင် အမျိုးသား လေးယောက်၊ အမျိုးသမီး ကိုးယောက်၊ စုစုပေါင်း ၁၃ ယောက် ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ရာနေရာကို မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အရေးပေါ်ယာဉ် နှစ်စီး၊ စေတနာရှင် လူမူကူညီရေအသင်း (သံဖြူဇရပ်မြို့) မှ အရေးပေါ်ယာဉ် တစီး၊ သစ္စာပန်းခင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အရေးပေါ် ယာဉ် နှစ်စီးတို့ ထွက်ခွာ ကူညီခဲ့ကြပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေ သွေးလွန်၊ သွေးလန့်မှု မဖြစ်စေဖို့ ရှေ့ဦးသူနာပြုနည်းစနစ်နဲ့ ပြုစုပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့နောက် မုဒုံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး တာဝန်ကျဆရာမရဲ့ ညွှန်ကြားချက်အရ ဒဏ်ရာပြင်းထန်သူတွေကို မုဒုံပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်နယ်ဆေးရုံကြီးကို မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ သစ္စာပန်းခင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ (MERT) အနေနဲ့ လမ်းပိတ်ဆို့မှု မဖြစ်စေဖို့အတွက် ယာဉ်ကြောရှင်းလင်းခြင်းနဲ့ တိမ်းမှောက်နေတဲ့ကားကို အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူတွေနဲ့အတူ လမ်းဘေးကို ဆွဲချပေးခဲ့တယ်လို့ သိရပါတယ်။

Photo: MERT

 

Related posts

Leave a Comment

VOM News

FREE
VIEW