ဂန္ထဝင်တေးသံရှင်ကြီး ဦးမောင်မောင်ကြီး ကွယ်လွန်

 

ဇန်နဝါရီ ၁၅ – ၂၀၂၄

SN (VOM)

ဂန္ထဝင်တေးသံရှင်ကြီး ဦးမောင်မောင်ကြီး အသက် (၉၂) နှစ်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်က ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြန်မာသံ အဆိုတော်ကြီးတဦးဖြစ်တဲ့ ဦးမောင်မောင်ကြီးဟာ မကြာခင်က ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် ဒေါ်မာမာအေးတို့ခေတ်ထက် အနည်းငယ်စောပြီး အောင်မြင်ခဲ့တဲ့ အဆိုတော်ကြီး တ‌ယောက်ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ နိုင်ငံတော်ကနေ လူမူထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခြင်း ခံရသူတယောက်ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဦးမောင်မောင်ကြီး ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ ခေတ်ပြိုင် ဂန္ထဝင်အဆိုတော်ကြီးတယောက်ဖြစ်တဲ့ သလ္လာဝတီ (ဒေါ်) လှလှရီက “တန်ဖိုးရှိတဲ့ ပန်းလေးတွေ ကြွေကြွေကုန်ပြီ။ မောင်မောင်ကြီးနဲ့ တို့တွေ၊ မအေးမြင့် (မာမာအေး) တို့က အတူတူပဲလေ။ မာမာအေးတောင် ဒီနေ့ ရက်လည်ပြီလေ။ ဝမ်းနည်းတာကတော့ မပြောနဲ့ပေါ့သမီးရေ။ အစကတည်းက အစ်ကိုလိုနေတာလေ။ “ဘာဘူ” လို့ ခေါ်တယ်သူက၊ အမေကြီးကိုတော့ သူက ဘွဲ့ကြီးလို့ခေါ်တယ်။ မအေးမြင့်နာမည်ကတော့ မအေးမြင့်ပေါ့။ သိပ်ခင်ကြတာလေသမီးရယ်။ စိတ်မကောင်းတာက‌တော့ ပန်းတပွင့်ကြွေပြန်ပြီပေါ့။ ကိုယ်လည်း လိုက်ရတော့မှာပဲလေ။ အင်မတန်မှ လှပတဲ့၊ ကျက်သရေရှိတဲ့ပန်းလေးတွေ တပွင့်ပြီးတပွင့် ကြွေလွင့်ကုန်ပြီပေါ့” လို့ ဝမ်းနည်းစကားဆိုပါတယ်။

အဆိုတော်ကြီး ဒေါ်မာမာအေးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီကနေ့ သူမရဲ့ ရက်လည်မှာ နောက်ထပ် ဂန္ထဝင်တေးသံရှင်ကြီးတယောက်ဖြစ်တဲ့

ဦးမောင်မောင်ကြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဦးမောင်မောင်ကြီးကို ဖခင် ဦးခင်စိန်နဲ့ မိခင် ဒေါ်ခင်ညွှန့်ရင်တို့မှ ၁၉၃၁ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်မောင် ဖြစ်တယ်လို့ သိရပါတယ်။

ဦးမောင်မောင်ကြီးဟာ ဂီတနယ်ကို ၁၉၄၇ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့ပြီး သူ့ရဲ့ ဂီတဆရာတွေကတော့ ဆရာကြီး ဦးလှဖေနဲ့ ဆရာကြီး ဦးအလီတို့ဖြစ်တယ်လို့ သိရပါတယ်။

၁၉၅၃ ခုနှစ်မှာ ကျင်းပတဲ့ ယဉ်ကျေးမှုအနုပညာ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဟာဂီတ အဆိုပထမ ရွှေတံဆိပ်ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။

ဦးမောင်မောင်ကြီး ပထမဆုံး သီဆိုခဲ့တဲ့ တေးသီချင်းမှာ ၁၉၅၀ ခုနှစ်၊ BSC ကောလိပ်ကျောင်း သင်္ကြန်အဖွဲ့အတွက် ဆရာရွှေပြည်အေး ရေးစပ်ပေးတဲ့ သီချင်းဖြစ်တယ်လို့ သိရပြီး အေဝမ်းခင်မောင်အဖွဲ့နဲ့ တပ်မတော် အသံလွှင့်ရုံက အသံလွှင့်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၅၁ ခုနှစ်မှာ ဂီတလုလင်အပျော်တမ်း တူရိယာအဖွဲ့မှာ ပင်တိုင် အဆိုတော်အဖြစ် မြန်မာ့ အသံမှ အသံလွှင့်ခဲ့ပါတယ်။

မဟာဂီတသီချင်းကြီးတွေကို စောင်းဦးခင်မြင့်၊ ရွာစား စိန်ဗိုလ်တင့် အဖွဲ့မှာ သီဆို အသံလွှင့်ခဲ့ပြီး ကာလပေါ်သီချင်းတွေကို ဂီတလုလင်အဖွဲ့၊ ဂီတလုလင် မောင်ကိုကိုအဖွဲ့၊ ချိုတေးဆက်၊ စစ်ရုံးအဖွဲ့၊ ကေသီပန်၊ စန္ဒရားနီနီ၊ စန္ဒာ၊ စန္ဒရားချစ်ဆွေ၊ ပျဉ်းမနားမြင့်လှိုင်အဖွဲ့တွေနဲ့ သီဆို အသံလွှင့်ခဲ့တယ်လို့ သိရပါတယ်။

ဦးမောင်မောင်ကြီးဟာ ရေဒီယိုရောင်းတမ်း ဓာတ်ပြားတွေ၊ ရုပ်ရှင်နောက်ခံ တေးသီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးတယောက် ဖြစ်ပြီး အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ တေးသီချင်းတချို့မှာ တခုတည်းသော ရည်မှန်းချက်၊ နှစ်ဆင့်မေတ္တာ၊ နွဲ့နှောင်း၊ တေးဘုမ္မာ၊ ရွှေညာဆီသွားမယ်၊ အကျည်းတန်ချစ်သူ၊ ကွမ်းတောင်ကိုင်၊ အိပ်မက်နိုင်ငံ၊ မေတ္တာဇာတ်လမ်း၊ ပင်တိုင်ကျော့မှူး၊ ဝေးပြီမွှေးရယ်၊ တန်ပါ့ မဖုရား၊ မေတ္တာနုနုစေလာရင်ကွယ်၊ စိမ်းလဲ့ညို၊ အချစ်ကို ဘယ်လိုပြောရမယ်၊ ကျမျက်ရည် မကြေညာစတမ်း၊ အမိုက်မလေး ငှက်ငယ်၊ သစ်ခြောက်ပင်အောက် ပန်းကောက်သူ၊ လွမ်းအိပ်မက်က သံသရာရှည်၊ ကျိုက္ခမီသောင်ယံမှ မောင်းမကန်အိပ်မက် စတဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။

ဦးမောင်မောင်ကြီးဟာ ဓာတ်ပြားကုမ္ပဏီတွေ၊ တေးသံသွင်းတွေမှာ သီချင်းတွေကို အသံသွင်းသူ တဦးဖြစ်ပြီး မြဝတီရုပ်မြင်သံကြား အကြံပေးအရာရှိ၊မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တေးဂီတစိစစ်ရေး ဘုတ်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး နာယက၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအကဲဖြတ်ဒိုင်အဖြစ် ဂီတဆိုင်ရာ တာဝန်တွေကို ဆောင်ရွက်ခဲ့သူတယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW