မန္တလေးမြို့က ဆယ်သန်း ရွှေဆိုင် သိန်း(၆၀၀၀)ကျော်ဖိုး ဓားပြတိုက်ခံရ

မန္တလေး၊ ဇန်နဝါရီ ၁၉-၂၀၂၄
Voice Of Myanmar(VOM)

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၃၉လမ်း ၈၄လမ်းနဲ့၈၅လမ်းကြားရှိ ‘ဆယ်သန်း’ရွှေဆိုင်မှာ ဒီကနေ့မနက် ၈နာရီခန့် ရွှေထည်နဲ့ ငွေသား သိန်း(၆၀၀၀)ကျော် ဓားပြတိုက်ခံရမှု ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံနဲ့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရဲနဲ့နီးစပ်သူ(၁)ဦးကတော့ ” ဖြစ်တာကတော့ ၈နာရီ ထိုးခံနီးလောက်အချိန်ပေါ့၊ အခုနှစ် ဇန်နဝါရီ ပထမအပတ်ထဲက လုပ်ခဲ့တဲ့ ရွှေလက်စွပ်ကို ပြန်ပြင်ချင်တယ်ပြောပြီး ဆိုင်ဝန်ထမ်းကို သေနတ်အတိုနဲ့ချိန်တယ်၊ ချိန်ပြီးတော့ ရွှေထည်ပစ္စည်း(၂)ပိဿာလောက်နဲ့ ငွေသားအချို့ ဓားပြတိုက်ခံရတာပါ၊ သက်ဆိုင်ရာအဖွဲ့တွေကတော့ စစ်ဆေးတာတွေ လုပ်နေပါပြီ”လို့ ပြောပါတယ်။

ရွှေဆိုင်ကို အမျိုးသား (၃)ဦးရောက်လာပြီး ဇန်နဝါရီ (၇)ရက်က ပြုလုပ်ခဲ့တဲ့ ရွှေလက်စွပ်ကို ပြန်လည်ပြုပြင်ခြင်တယ်ဆိုကာ ဆိုင်ဝန်ထမ်းအမျိုးသမီးကို သေနတ်အတိုနဲ့ ချိန်ရွယ်ခဲ့ကြောင်း၊ သေနတ်နဲ့ ချိန်နေစဉ် ဆိုင်ကောင်တာအတွင်းက ရွှေထည်ပစ္စည်း(၂)ပိဿာခန့် ကာလတန်ဖိုး သိန်း(၆၀၀၀)ခန့်နဲ့ ငွေသား သိန်း(၂၀၀)တို့ကို ဓားပြတိုက်ယူဆောင်သွားတယ်လို့သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားအပြီးမှာတော့ သက်ဆိုင်ရာအဖွဲ့စုံတွေ ရောက်ရှိလာပြီး ရွှေဆိုင်ဓားပြတိုက်သူတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင် မှာ ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၃၀ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁နဲ့၄၂လမ်းကြားက “ပေါ်ဦး “ရွှေဆိုင်မှာ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတာလည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW