ရေအောက်နျူကလီးယား လက်နက်စနစ် မြောက်ကိုရီးယား စမ်းသပ်

ပြုံးယမ်း၊ ဇန်နဝါရီ-၁၉-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရေအောက်နျူကလီးယား လက်နက်စနစ်ကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုပါတယ်။

မြောက်ကိုရီးယားဟာ ရေအောက်နျူကလီးယားတိုက်ခိုက်မှုလုပ်နိုင်တဲ့ Haeil-5-23 လို့အမည်ပေးထားတဲ့ ဒရုန်းတွေကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းရေပြင်မှာပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားကဆိုပါတယ်။

မြောက်ကိုရီးယားဟာ ယခင်ကလည်း အလားတူစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ အချိန်မရွေးဖြစ်ပွားနိုင်တဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကင်ဂျုံအန်က ညွှန်ကြားပြီးနောက် အခုလိုရေအောက် လက်နက်စနစ် စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဒီလက်နက်တွေအကြောင်းနဲ့ စွမ်းဆောင်ရည်ကို အသေးစိတ်မသိရသေးပေမယ့် ဒါဟာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေလို အစွမ်းထက်လက်နက်ဖြစ်နိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ပြီးဆုံးသွားပြီး တောင်ကိုရီးယားကို အဓိကရန်သူအဖြစ် သတ်မှတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယခုသီတင်းပတ်အတွင်းမှာ ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်း နျူကလီးယားလက်နက်တွေကို ပစ်ခတ်နိုင်တဲ့ ပထမဆုံး ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Ref:BBC
Photo:Rodong Shinmun

Related posts

Leave a Comment

VOM News

FREE
VIEW