မန္တလေးတိုင်းမှာ မနေ့က တရက်တည်း ရွှေဆိုင်ဓားပြမှု နှစ်ကြိမ်ဖြစ်ပွား

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄
SP ( VOM)

မန္တလေးတိုင်းမှာ မနေ့ ဇန်နဝါရီ ၁၉ ရက်က တရက်တည်းမှာပဲ ရွှေဆိုင်ဓားပြမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အခြား လူသတ် လုယက်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင်တယောက်က
” မနေ့ကမနက်ပိုင်းမှာ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာရှိတဲ့ ‘ဆယ်သန်း’ရွှေဆိုင်မှာ ရွှေထည်နဲ့ ငွေသား သိန်း (၆၀၀၀) ကျော် ဓားပြတိုက်ခံရတယ် ၊ နောက်ပြီး မနေ့ညပိုင်းက မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ နွားထိုးကြီး – ပြင်စည်လမ်းပေါ်မှာ ရှိတဲ့ သဇင်ရွာက “ရွှေလွန်းနဒီ” ရွှေဆိုင်ပိုင်ရှင် ဦးမြင့်နဲ့ ဒေါ်သင်းနွယ်တို့ နေအိမ်မှာ ဓားပြတိုက်ခံရပြီး သိန်း ၂၀၀ ကျော်ဖိုး ပါသွားပြန်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ နွားထိုးကြီး ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်မှာ ရွှေဆိုင်ပိုင်ရှင် အိမ်ရှင် လင်မယား အပါအဝင် သမီးဖြစ်သူနဲ့ သူတို့ သုံးယောက်က ထွက်ပြေးလွတ်မြောက်သွားတယ် ၊ နေအိမ်ထဲမှာ သူတို့သားဖြစ်သူ ကိုကျော်ထက်ဇော် ကျန်ခဲ့တယ် ၊ သူ့ကိုတော့ ဓားပြတွေက ဖမ်းဆီးရိုက်နှက်တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က မန္တလေးမြို့ပေါ်မှာ အိမ်းစီးကားပိုင်ရှင်တယောက်လည်း အသတ်ခံရပြီး ကားလုယူခံရတဲ့ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီ အပြင် မိတ္ထီလာမြို့၊ အထက ၂ ကျောင်းနားလမ်းပေါ်မှာ မိသားစု သုံးယောက်စီးလာတဲ့ ဆိုင်ကယ်တစီး အပါအဝင် ရိုးမဘဏ် မီးပွိုင့်နားက မုန့်ဆိုင်ကနေ မုန့်ဝယ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့သူတယောက်လည်း ဆိုင်ကယ်လုယူခံရတာ ဖြစ်ပွားတာကြောင့် မနေ့က တရက်တည်းမှာ မိတ္ထီလာမြို့ပေါ်လည်း လုယက်မှုနှစ်ကြိမ် ဖြစ်ပွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင် မှာ ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၃၀ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁နဲ့၄၂လမ်းကြားက “ပေါ်ဦး “ရွှေဆိုင်မှာ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတာလည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW