စဉ့်အင် ယာယီ ချောင်းကူးတံတား ယာဉ်ငယ်များ သွားလာခွင့်ပြု

 

ဇန်နဝါရီ ၂၉၊ ၂၀၂၄

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ သီပေါကြားက စဉ့်အင်တံတား ပျက်စီးသွားလို့ သွားလာလို့ မရတော့ကြောင့် စယ်အင် (စင့်အင့်) ကျေးရွာအုပ်စုရှိ ကွန်ခိုက်ရွာမှာ ယာယီ ချောင်းကူး တံတား ထိုးပြီး ဇန်နဝါရီ ၂၇ ရက်နေ့ကစ ယာဉ်ငယ်တွေကို စတင် ဖြတ်သန်းခွင့်ပြုပြီ ဖြစ်ကြောင်း ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

“ကားကြီး မရဘူး။ SSPP/SSA အဖွဲ့ကလုပ်ထားပေးတာ။ ဖြတ်သန်းခတော့ ကောက်တယ်။ အိမ်စီးကားငယ်တွေ၊ အံစာတုံးတွေ ရတယ်။ ၆ ဘီးနဲ့ CANDA တွေတော့ ခါလီလောက်ပဲရတယ်။” လို့ သီပေါ ဒေသခံ အမျိုး သမီး တယောက်က ပြောပါတယ်။

ယာယီတံတားက အိမ်စီးယာဉ်ငယ်တွေ နဲ့ ခရီးသည်တင်ယာဉ်ငယ်‌တွေ အတွက်သာ တည်ဆောက်ထားတာဖြစ်လို့ အံစာတုံးကား၊ ကင်တာကုန်တင်ယာဉ်များ၊ ၆ ဘီးကုန်တင်ယာဉ်နှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းခွင့် မပြုကြောင်း ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ယာယီတံတားကြီးကြပ်တာဝန်ခံမှ အသိပေး ကြေညာထားကြောင်း ယာဉ်မောင်း တွေက ပြောပါတယ်။

ခင်းထားတဲ့ပျဉ်တွေက ကားငယ် တွေအတွက်သာ ရည်ရွယ်ထားပြီး ၇-ပေ အကျယ်သာ ခင်းထားတဲ့အတွက် သတ်မှတ်ပေထက် ကျယ်တဲ့ကားတွေ ဖြတ်ရင် အန္တရာယ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“၆ ဘီးတွေက ခါလီပဲရတယ်။ မနေ့ကလည်း ကားလေးတစ်စီး တံတားခံနိုင်ဝန်နဲ့ ကုန်ဝိတ်များပြီး မမျှလို့လား မသိဘူး ချော်ကျတာ တွေ့ရပြီး လမ်းမှာ ကားတွေ ပိတ်မိနေတာ။ ကားဂွင်ကြီးရင် ဒီလိုရှေ့ကပြတဲ့သူရှိမှ ကားနဲ့တံတား အဆင်ပြေမှာ။ အာရုံမများဘဲ ဂရုစိုက်မောင်းသင့်ပါတယ်။ နည်းနည်းလေးမှ အမှားခံလို့မရဘူး” လို့ ဒေသခံ အမျိုးသားတယောက်ကလည်း ရှင်းပြပါတယ်။

အဲဒီ ယာယီ တံတားကို မနက် ၆ နာရီ ကနေ ညနေ ၆ နာရီ အထိ သွားလာခွင့်ပြုပြီး သီပေါဘက် ကနေလာရင် စဉ်အင်တံတား အနီးကနေ ညာဘက်လမ်းအတိုင်း ၁၅ မိနစ်ခန့်၊ လားရှိုးဘက် ကနေလာရက် စဉ့်အင်ရွာအဝင် နတ်စင်ညောင်ပင်အနီး ကနေ ဘယ်ဘက် ၁၅ မိနစ်ခန့် သွားရကာ တံတား ဖြတ်သန်းခကိုတော့ သတ်မှတ်နှုန်းထား အတိုင်းပေးဆောင်ရပေမယ့် ခါတိုင်းသွားတဲ့ ကုံးမုံ-နမ္မလမ်းပိုင်းထက် အချိန် ၁ နာရီခန့် သက်သာတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် နမ္မတူ နဲ့ မိုင်ဝီးကြားက မိုင်းဆင်ရွာရှိ ချောင်းကူးတံတားကိုလည်း ခရီးသွားပြည်သူများ ပူပေါင်းလှူဒါန်းကာ ပြုပြင်ပြီးစီး ထားပြီ ဖြစ်လို့ ဇန်နဝါရီ ၂၇ ရက်တေ့ကစ ယာဉ်ငယ်တွေ တံတားပေါ်ကနေ ဖြတ်သန်းသွားလာလို့ ရပြီ ဖြစ်ပြီး ၆ ဘီးနဲ့ ကင်တာ ကားကြီးတွေတော့ ခါလီပဲ ရနိုင်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW