ရေစကြိုမြို့နယ် ၊ ဆင်မရဲရွာ ပြည်သူ့စစ် စခန်း တိုက်ခိုက်ခံရ ၊ ထိခိုက်သေဆုံးမှုတွေရှိ

 

 

ဇန်နဝါရီ ၊ ၂၉ ၊ ၂၀၂၄

SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဆင်မရဲကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းကို မနေ့ ဇန်နဝါရီ ၂၈ မနက် ၅ နာရီဝန်းကျင်က တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ရေစကြို ဒေသခံတယောက်က

” မနက် ၅ နာရီလောက်မှာ ဆင်မရဲရွာကို ဒေသတွင်း လက်နက်ကိုင် PDF တွေက ဝင်တိုက်တယ် ၊ သူတို့က လူအင်အားများတာကြောင့် ပြည်သူ့စစ်တွေက ရွာထဲကနေ ဆုတ်ခွာပေးလိုက်တယ် ၊ လတ်တလော သိရတာက ဆင်မရဲရွာခံ ကိုထွန်းထွန်း ၊ ကိုနိုင်ဝင်း ၊ ကိုရဝေ သတ်ခံရတယ် ၊ အဲ့ဒီအပြင် ကိုခင်မောင်မြင့်ဆိုသူလည်း ရိုက်နှက်ခံရတယ် ၊ နောက်ပြီး ဖမ်းဆီးခေါ်ဆောင်တာ ခံရသူတွေလည်း ရှိတယ်လို့ကြားရတယ် ၊ ဘယ်သူတွေပါသွားတာလဲဆိုတာ မသိရသေးဘူး ” လို့ ပြောပါတယ်။

ဆင်မရဲ ရွာနီးချုပ်စပ် ဒေသခံတယောက်က

” မနေ့က ဆင်မရဲဖြစ်စဥ်မှာ အနည်းဆုံး လူ ၁၀ ယောက်အထက်မှာ ထိခိုက်သေဆုံးတယ် ၊ သေဆုံးသူတွေက ပြည်သူ့စစ်တွေ ပါသလို ၊ ရွာခံတွေလည်းပါတယ်၊ နောက်ပြီး အထက စာသင်ကျောင်းထဲမှာထားတဲ့ ဆိုင်ကယ်တွေပါသွားတယ် ၊ ရွာထဲက အိမ်နှစ်လုံးလည်း မီးရှို့ခံရတယ် ” လို့ ပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာတော့ ဆင်မရဲဖြစ်စဥ်ကို ပခုက္ကူ၊ ရေစကြို၊မြိုင်နဲ့ မြင်းခြံ PDF အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်တာလို့ ရေးသားတာတွေ့ရပြီး လက်နက်တချို့ပါ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

မနေ့က တရက်တည်းမှာဘဲ ဆင်မရဲရွာနဲ့ မလှမ်းမကမ်းက ကြူရွာက နေအိမ်တချို့ မီးရှို့ခံရတာရှိပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲ့ဒီအပြင် မနေ့က မနက်ပိုင်းမှာ ရေစကြိုမြို့ အခြေစိုက် ဖြူစင်လူမှုကူညီရေးယာဉ်ဟာ လူနာပို့ပြီးအပြန် ပခုက္ကူ-ရေစကြိုလမ်းမှာ တိုက်ခိုက်ခံရပြီး အဲ့ဒီ လူနာတင်ယာဥ် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်၊ အဲ့ဒီ ဖြစ်စဥ်မှာ ကားပေါ်မှာပါလာတဲ့ ပရဟိတသမား နှစ်ယောက် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ အောက်တိုဘာ ၁၇ ရက်က မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ညောင်ဇောက်ကျေးရွာအုပ်စု ၊ ကျောမကြားရွာနားမှာ စစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပွားကာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က လူ ခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၆ ရက်က ရေစကြိုမြို့နယ် ၊ ပခန်းကြီး ရဲစခန်းက ရဲတပ်ကြပ်တယောက် ပစ်သတ်ခံရပြီး အောက်တိုဘာ ၁၇ ရက်ညကလည်း ငါးလန်(မ) ကျေးရွာက ပြည်ခိုင်ဖြိုး ပါတီဝင် လေးယောက် အသတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ် ၂၅ ရက် မနက် ၅ နာရီ ဝန်းကျင်ကလည်း ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာကနေ စည်သာကို စျေးဝယ်ထွက်လာတဲ့ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ခြောက် ယောက် ချောင်း မြောင်း ပစ်သတ်ခံရပြီး သေနတ် ငါးလက်နဲ့ ကျည်ဆံတွေ ပါသွားတယ်လို့ သိရပါတယ်။

ရေစကြိုနယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ မေကနေ စလို့ အခုထိ သတ်ဖြတ်ခံရသူ ၂၀၀ ကျော်ရှိပြီလို့သိရပါတယ် ၊ အဲ့ဒီလို သေဆုံးသူတွေအနက် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ၁၀၀ ကျော်ပါဝင်ပြီး ၊ ကျန်တာတွေက ပညာရေးဝန်ထမ်းတွေ ၊ ရဟန်းသံဃာတွေ ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ၊ ရပ် / ကျေး အုပ်ကြီးတွေ ၊ ရဲတွေ ၊ ပြည်သူ့စစ်တွေ နဲ့ အရပ်သားတွေဖြစ်တယ် လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။

ရေစကြိုမြို့နယ်မှာ ဒေသတွင်လက်နက်ကိုင် အဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွားတွေဖြစ်ပြီး ၂ ဘက် ထိခိုက် သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW