ဒက်ကာ၊ ဖေဖော်ဝါရီ-၁၇-၂၀၂၄
မျိုးဆက်(VOM)
ဆီနီဂေါ သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်းတရားရုံးချုပ်ကဆုံးဖြတ်ပြီးနောက် ရွေးကောက်ပွဲကိုတတ်နိုင်သမျှ အမြန်ဆုံးကျင်းပပေးမယ်လို့ ဆီနီဂေါသမ္မတမက်ကီဆေးလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သမ္မတမက်ကီဆေးလ်ဟာ သမ္မတရာထူးနှစ်ကြိမ် ထမ်းဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ဒီဇင်ဘာလထိ ရွှေ့ဆိုင်းတဲ့ သမ္မတရဲ့ အမိန့်ကိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီက ပယ်ဖျက်ခဲ့ပါတယ်။
ဒီလိုပယ်ဖျက်လိုက်တာကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းမှုနဲ့ ပတ်သက်ပြီး လွှတ်တော်က အတည်ပြုခဲ့သောအငြင်းပွားဖွယ်ဥပဒေကြမ်းဟာ လည်းပျက်ပြယ်သွားပြီဖြစ်ပါတယ်။
သမ္မတမက်ကီဆေးလ်က တရားရုံးစီရင်ချက်ကို လိုက်နာမှာဖြစ်ပြီးရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ အနောက်အာဖရိကမှာ ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ ဆီနီဂေါနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပြန်လည်ထူထောင်ဖို့ နည်းလမ်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။
Ref:BBC
Photo:AFP