ကရင်ဇာတ်အဖွဲ့ကား ဘရိတ်ပေါက်ပြီး ချောက်ထဲကျ ၊တယောက်သေပြီး ဒဏ်ရာရသူခြောက်ယောက် အခြေအနေစိုးရိမ်ရ

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ – ၂၀၂၄

GG (VOM )

ကရင်ပြည်နယ်၊ ဘားအံမြို့ရှောင်လမ်းမှာ ဒီကနေ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းက ကရင်ဇာတ်အဖွဲ့သားတွေလိုက်ပါလာတဲ့ ဇာတ်သဘင်ကား ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပြီး တယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇာတ်သဘင်ကားဟာ ဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်ကျရာကနေ အနက်ပေ ၂၅ ပေလောက်ရှိတဲ့ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” မနက် ၁၀ နာရီခွဲလောက်မှာဖြစ်တယ်။ကားကဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်ကျပြီးမှောက်တာ၊ မှောက်တဲ့အထဲသေဆုံးသူ တယောက်ကနေရာမှာပဲဆုံးတာ၊ခေါင်းပြားသွား တယ်။ကားပေါ်ပါတာ အကုန်လုံး ဆို ၁၁ ယောက်ပါ၊ စိုးရိမ်ရတဲ့ ခြောက်ယောက်ထဲကမှ တယောက်ကပိုအခြေအနေဆိုးတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံမြို့မှ တာဝန်ရှိသူတယောက်ကပြောပြပါတယ်။

ယာဉ်တိမ်းမှောက်မှုမှာ သေဆုံးသူက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရရှိသူတွေထဲမှာလည်း ခြောက်ယောက်က ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်စရာအခြေအနေရှိကာ လက်ရှိမှာတော့ ဘားအံဆေးရုံမှာ ကုသမှုခံယူနေကြတယ်လို့သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဇတ်သဘင်ကားကတော့ ဘားအံမြို့အခြေစိုက် “ယှးယံင့်ဝဝ်အွာ”ဇာတ်ပွဲကားဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းကလည်း မြဝတီ၊ ဒေါနတောင်ကျော်လမ်း၊ ကွမ်းခြံကွေ့ကုန်းဆင်းမှာ ” မော်လမြိုင် မြို့က ပွင့်နေခြည် ဇာတ်အဖွဲ့ကား ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့လို့ ကလေးငယ်အပါအဝင် ကိုးယောက်သေဆုံးကာ ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ပါတယ် ။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW