မုံရွာမှာ အထက်တန်းကျောင်း စာမေးပွဲ လုံခြုံရေးတာဝန်ကျ စစ်သား နှစ်ယောက် ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၊ ၂၀ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ ၊ အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းရဲ့ အတန်းတင် စာမေးပွဲကို လုံခြုံရေးယူပေးနေတဲ့ စစ်သား နှစ်ယောက်ဟာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၉ နာရီဝန်းကျင်က ပစ်သတ်ခံရတယ်လို့ ကျောင်းသား မိဘအသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျောင်းသား မိဘတယောက်က
” မနေ့က မနက်ပိုင်း ကျောင်းစတက်ခါနီး ၉ နာရီဝန်းကျင်လောက်မှာဖြစ်တယ် ၊ အဲ့ဒီ စာသင်ကျောင်းရဲ့ ကျောင်းလုံခြုံရေးကို ကျောင်းရဲ့မြောက်ဘက်မှာရှိတဲ့ ခမရ ၁၆ စစ်တပ်က စစ်သားတွေလာပြီး လုံခြုံရေး အမြဲယူပေးတယ် ၊ အဲ့ဒီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျောင်းဝန်းဝင်ပေါက် တံခါးမကြီးနားမှာ စောင့်ပေးတယ် ၊ အဲ့ဒီအချိန် ဟိုက်ဂျက်ကားတစီးနဲ့ အမည်မသိ လူလေးယောက်က ကားပေါ်ကဆင်းပြီး သေနတ်အတိုတွေနဲ့ ဆက်တိုက်ပစ်သွားတယ် ၊အဲ့ဒါကြောင့် လုံခြုံရေး စစ်သား နှစ်ယောက် ထိမှန်တယ် ၊ အဲ့ဒီ ထိမှန်တဲ့ နှစ်ယောက်ထဲမှာ တယောက်က နေရာမှာပဲ သေတယ် ၊ ကျန်တယောက်က ညနေပိုင်းလောက်ရောက်မှ ဆေးရုံမှာ သေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အောင်ချမ်းသာရပ်ကွက်နေ ကျောင်းသားမိဘ တယောက်က
” ကျောင်းနဲ့ စစ်တပ်နဲ့ သိပ်မဝေးဘူး ၊ တောင်ဘက် မြောက်ဘက်ပဲ ၊ ဂေါက်ကွင်းနဲ့ လမ်းပဲခြားတယ် ၊ တရပ်ကွက်တည်းလို ဖြစ်နေတော့ ကျောင်းမှာ လုံခြုံရေး လာယူပေးတဲ့ စစ်သားတွေနဲ့ ကျောင်းသား မိဘတွေ ရင်းနှီးကြတယ် ၊ အခုပစ်ခံရလို့ သေဆုံးသူတွေ နှစ်ယောက်စလုံးက ဒုအရာခံဗိုလ်တွေ ဖြစ်တယ်” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားတာက မုံရွာ အောင်းချမ်းသာရပ်ကွက် အမှတ် ၅ အထက ကျောင်းမှာ TLWDF အဖွဲ့က တပ်ဖွဲ့ဝင် သုံးယောက်ဟာ ကျောင်းလုံခြုံရေး စစ်သားနှစ်ယောက်ကို အနီးကပ် ပစ်ခတ်ခဲ့ပြီး MA 3 သေနတ် နှစ်လက်ရယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အောင်ချမ်းသာ အထက ၅ ကျောင်းမှာ ထိတွေ့မှုဖြစ်စဥ် ၊ ဖြစ်တယ်လို့ သိရတယ် ၊ သွားရောက်စစ်ဆေးနေဆဲ ဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ ဆရာအတန်သင် ပညာကောလိပ်ကျောင်း (TTC) နားမှာရှိတဲ့ သာစည်လမ်းပေါ်မှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ပစ်ခတ်လို့ ဆရာအတတ်သင် ပညာရေး ကောလိပ်ကျောင်း လုံခြုံရေးတာဝန်ကျ စစ်သားနှစ်ယောက်နဲ့ လမ်းသွား လမ်းလာ အရပ်သား နှစ်ယောက် ၊ စုစုပေါင်း လေးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ​၂၀၂၃ နှစ်ကုန်ပိုင်းကလည်း မုံရွာမြို့နယ် ၊ ကျောက်စစ်ပုံ စစ်တပ်နဲ့ နီးစပ်သူ အမျိုးသားတယောက်နဲ့ အမျိုးသမီး နှစ်ယောက် ၊ စုစုပေါင်း သုံးယောက်ဟာ မုံရွာမြို့ပေါ်ကနေ စျေးဝယ်ပြီး ဟိုက်ဂျက်ကားနဲ့ ကျောက်စစ်ပုံတပ်ဘက်ကိုပြန်အလာ လမ်းမှာ ကားမောင်းသူ အမျိုးသား ပစ်သတ်ခံရပြီး ၊ ကားပေါ်ပါ အမျိုးသမီးနှစ်ယောက်နဲ့ ကားကို သိမ်းဆည်းယူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် မနက်က မုံရွာမြို့နယ် သက္ကယ်ကျင်း ၊ လယ်ဇင်ရွာဘက်မှာရှိတဲ့ ဒေသတွင်း လက်နက်ကိုင် PDF စခန်း စီးနင်းခံရပြီး လူငယ် ခုနှစ်ယောက် သေဆုံးကာ သေနတ် ခုနှစ်လက် သိမ်းဆည်းခံရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW