ထိုင်းဗီဇာ ရက်ချိန်း ရယူမှု လူကိုယ််တိုင် တန်းစီစနစ် ဖျက်သိမ်းပြီး အွန်လိုင်းကသာ လျှောက်ထားရတော့မယ်

 

ဖေဖော်ဝါရီ ၂၁ – ၂၀၂၄

SN (VOM)

ထိုင်းသံရုံးရှေ့မှာ လူကိုယ်တိုင်တန်းစီစနစ်နဲ့ ဗီဇာရက်ချိန်းယူတာကို ဖျက်သိမ်းမယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးက ထပ်မံထုတ်ပြန် ကြေညာလိုက်ပါတယ်။

ထိုင်းသံရုံးရှေ့မှာ လူကိုယ်တိုင်တန်းစီပြီး ဗီဇာရက်ချိန်းယူတာကို တရက် လူ ၂၀၀ ထုတ်ပေးမယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ကြေညာထားပေမယ့် မွန်းလွဲပိုင်းမှာတော့ ကြေညာချက်တစောင် ထပ်မံ ထုတ်ပြန်ပြီး လူကိုယ်တိုင် တန်းစီစနစ်နဲ့ ဗီဇာတိုကင်ရယူတာကို ဖျက်သိမ်းတယ်လို့ ကြေညာလိုက်တာပါ။

ဒါ့အပြင် အဲ့ဒီ့ထုတ်ပြန်ချက်မှာ ထိုင်းသံရုံးဝက်ဘ်ဆိုဒ် https://thaiconsularyangon.com/visa/ နဲ့ QR Code တို့ကို အသုံးပြုပြီး အွန်လိုင်းမှတဆင့် ရက်ပေါင်း ၃ဝ စာအတွက် တိုကင် ကြိုတင်လျှောက်ထားခြင်းကို အရင်က တရက် ၂၀၀ သတ်မှတ်ထားတာကနေ အခု တရက် ၄၀၀ အထိ ထပ်တိုး ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း အသိပေး ဖော်ပြထားပါတယ်။

“အရင်က တရက် ၂၀၀ ပဲ ခွင့်ပြုထားရာကနေ အခု နောက်ထပ် ၂၀၀ ထပ်ဖြည့်ပြီး တရက် ၄၀၀ ဖြစ်သွားတာပေါ့။ အွန်လိုင်းစနစ်ကြောင့် မြေပြင်မှာတော့ လူရှင်းသွားမှာပေါ့။ အရင်လို အချိန်အကြာကြီးတန်းစီရတာမျိုးတွေ၊ လူစုလူဝေးတွေလည်း မဖြစ်တော့ဘူးပေါ့။ ဒါပေမယ့် အွန်လိုင်းစနစ်က သိတဲ့အတိုင်း လူအများကြီး ဝင်‌ရောက် အသုံးပြုတာများရင် လိုင်းကျတာမျိုး၊ ဝင်မရတာမျိုး ဖြစ်တတ်တော့ အဲ့ဒီ့အပိုင်းမှာတော့ အခက်အခဲတွေ ရှိနိုင်တယ်။ လျှောက်တဲ့သူများရင် error တက်နိုင်တယ်။ ပြီးခဲ့နှစ်ကလည်း ဒါမျိုးတွေ ဖြစ်ပြီးပြီ။ ဆိုတော့ မြေပြင်မှာ တန်းစီရတာထက်ပိုပြီး အချိန်ကြာသွားတာမျိုးတွေလည်း ဖြစ်နိုင်တယ်” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

သုံးရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ စနစ်အသုံးပြုသူ အများအပြား ရှိနေတဲ့ အခြေအနေမှာ လူအများ တပြိုင်နက်တည်း ၀င်ရောက် လျှောက်ထားခြင်းကြောင့် လိုင်းကျခြင်း ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် ကြိုတင် စာရင်းပေးလိုသူတွေအနေနဲ့ စနစ်ပြန်လည် အသုံးပြုနိုင်ဖို့ အချိန်အနည်းငယ် စောင့်ဆိုင်းပြီးမှသာ နောက်တကြိမ် ပြန်လည်၀င်ရောက် လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

သံရုံးကို လူကိုယ်တိုင် လာရောက် တန်းစီတဲ့စနစ်ဟာ အဆင်ပြေတဲ့စနစ် ဖြစ်ပေမယ့်လည်း လာရောက် လျှောက်ထားသူတွေအဆင်ပြေ ချောမွေ့မှုရှိစေဖို့၊ တပြိုင်နက်တည်း လူအများအပြား လာရောက်လျှောက်ထားတာ လျော့ချပေးနိုင်ဖို့နဲ့ ရုံးလုပ်ငန်းစဉ်ဆိုင်ရာ ဘေးကင်း လုံခြုံဖို့အတွက် ဗီဇာလျှောက်လွှာတွေ ကြိုတင်စာရင်းသွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေကို ပြုပြင်လိုက်တာလို့ ထိုင်းသံရုံးက အသိပေးထားပါတယ်။

တိုကင်နံပါတ်တခုဟာ လျှောက်မယ့်သူတဦးအတွက်သာ အကျုံးဝင်မှာဖြစ်ပြီး အကယ်၍ တိုကင်နံပါတ်ကို အလွဲသုံးစားပြုလုပ်တာ (ဒါမှမဟုတ်) တိုကင်အတုအပ ပြုလုပ်တာကို တွေ့ရှိရင်တော့ ဗီဇာလျှောက်ထားခွင့် ပိတ်ပင်သွားမှာ ဖြစ်တဲ့အပြင် Blacklist (အမည်ပျက်စာရင်း) ထဲ မှတ်တမ်းတင် ထားရှိမှာ ဖြစ်တယ်လို့ ထိုင်းသံရုံးက သတိပေးထားပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW