ဒီပဲယင်းနယ် စိုင်ပြင်ဘက်မှာ တိုက်ပွဲတွေဖြစ်နေပြီး မုံရွာ – ရေဦး ကားလမ်းမှာ ယာဥ်အသွားအလာမရှိ

ဖေဖော်ဝါရီ ၊ ၂၁ ၊ ၂၀၂၄
SP (VO

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင် (မြို့နယ်ခွဲ)မှာ ဒီကနေ့မနက် အစောပိုင်း ၄ နာရီဝန်းကျင်ကစလို့ နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် မုံရွာ – ရေဦးကားလမ်းမှာ ယာဥ်အသွားအလာတွေ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး တိုက်ပွဲရှောင်လာတဲ့ စိုင်ပြင် ဒေသခံတယောက်က
” စိုင်ပြင်မှာက လူဦးရေ တသောင်ကျော်နေထိုင်တယ် ၊ မနေ့ကစပြီး ထွက်ပြေးတိမ်းရှောင်ကြဖို့ PDF တွေက ကြောညာတယ် ၊ ဒီမနက် အစောပိုင်း ၄ နာရီကစလို့ ပစ်ခတ်မှုတွေဖြစ်တယ် ၊ နှစ်ဘက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်နေတာဖြစ်တယ် ၊ စိုင်ပြင်ရဲစခန်းကို ဝိုင်းတိုက်နေတာဖြစ်တယ် ၊ စိုင်ပြင်စျေးကြီးက ၂၀၂၂ မီးလောင်ပြီးကတည်းက ပိတ်ထားတယ် ၊ အခုဆိုရင် စိုင်ပြင်မှာ စျေးမရှိတော့ဘူး ၊ စိုင်ပြင် ဒေသခံ တသောင်းဝန်းကျင်ကလည်း နေရပ်စွန့်ခွာသွားကြပြီ ၊ စိုင်ပြင်မြို့ပေါ်မှာ လူမရှိတော့ဘူး ” လို့ ပြောပါတယ်။

ရေဦး ဒေသခံ ကားသမားတယောက်က
” စိုင်ပြင်ရဲစခန်းနားမှာ ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ ကြားရတယ် ၊ စိုင်ပြင် ရဲစခန်းက မုံရွာ ရေဦး ကားလမ်းဘေးမှာရှိတယ် ၊ အဲ့ဒီနေရာကို ကွင်းသွားဖို့ ၊ ကွင်းလမ်းမရှိတာကြောင့် မုံရွာမြို့နယ်ရဲ့ မြောက်ဘက်ပိုင်း မြောက်နယ်က ကားတွေ အသွားအလာမရှိဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ကလည်း ကလေးဝမြို့နယ် ဆင်မအိုင် ပြည်သူ့စစ်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်တာကြောင့် တန့်ဆည် ကလေးဝကားလမ်းမှာ ယာဥ်အသွားအလာမရှိ ဖြစ်ခဲ့ရပါသေးတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူမြို့နယ် ၊ မင်းကင်းမြို့နယ် ၊ တန့်ဆည်မြို့နယ် ၊ ကျွန်းလှမြို့နယ် ၊ ဟုမ္မလင်းမြို့နယ် ၊ ကောလင်းမြို့နယ်နဲ့ ကသာ မံစီကြီး ဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် အဲ့ဒီနယ်ဘက်တွေမှာရှိတဲ့ ကားလမ်းတချို့ ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW