ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်က မိုးကောင်းတံတား မိုင်းခွဲခံရလို့ ကားတွေ သွားလာမရဖြစ်နေ

 

ဖေဖော်ဝါရီ ၊ ၂၈ ၊ ၂၀၂၄

SP (VOM)

ဒီမနက် ဖေဖော်ဝါရီ ၂၈ ရက် အစောပိုင်း ၃ နာရီဝန်းကျင်က မွန်ပြည်နယ် ၊ သထုံမြို့နယ် ၊ မိုးကောင်းကျေးရွာနားက ရန်ကုန် – မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၃၅ နဲ့ ၁၃၆ ကြားမှာရှိတဲ့ မိုးကောင်းတံတားဟာ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ကားတွေသွားလာလို့ မရတော့ဘူးလို့ ကားသမားတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မိုးကောင်းရွာခံတယောက်က ” ဒီမနက်ပိုင်းက မိုးကောင်း တံတား ဖောက်ခွဲခံရတယ် ၊ အဲ့ဒီ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားနားက နေအိမ် နှစ်လုံပျက်စီးသွားတယ် ၊ အရပ်သားတယောက်ဖြစ်တဲ့ ကိုဝေဖြိုးအောင် ဆိုသူလည်း မိုင်းစထိမှန် ဒဏ်ရာရတယ် ၊ တံတားကတော့ လုံးဝပျက်စီးသွားတယ် ၊ ကားတွေဖြတ်သန်းလို့ မရတော့ဘူး ၊ အဲ့ဒါကြောင့် အိမ်စီးကား အသေးလေးတွေက ကင်မွန်းချုံ – ကျွန်းလေ ဘက်ကနေ ရွာထဲလမ်းတွေကနေ ကွင်းပြီးသွားကြတယ် ၊ အဲ့ဒီကွင်းလမ်းတွေမှာက ကားကြီးလုံးဝ သွားလာလို့ မရဘူး” လို့ ပြောပါတယ်။

မိုးကောင်းရွာမှာ ပိတ်မိနေတဲ့ ကားသမားတယောက်က ” အခုချိန်ထိတော့ ကားတွေပိတ်မိနေတာ ရာနဲ့ချီရှိတယ် ၊ ကားကြီးသမားတွေကတော့ ရပ်ထားရတယ် ၊ ကားလေးသမားတွေကတော့ ကွင်းလမ်းရှာပြီး မောင်းနေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက လမ်းတံတားတချို့ မိုင်းခွဲဖျက်ဆီးခံရပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးသွားလာနေတဲ့ ကုန်တင်ယာဉ်တွေ ရပ်နားထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု ကုန်သွယ်ရေး လမ်းပေါ်က လမ်းတံတားတချို့ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် မန္တလေး မူဆယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအခုထိ ပိတ်ထားနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ တယောက်

 

Related posts

Leave a Comment

VOM News

FREE
VIEW