ကရင်နီ လက်နက်ကိုင်တွေ ထိမ်းသိမ်းခံရတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေ

မတ် ၆ – ၂၀၂၄
SN (VOM)

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် ကထိက ငါးယောက်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) လက်အောက်ခံ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထောင်ဒဏ် နှစ်နှစ်အပြင် ငွေဒဏ် ကျပ် ကိုးသိန်းစီ ချမှတ်ခဲ့တယ်လို့ အဲဒီ ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ကို KNDF ပူးပေါင်း အဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် ၂၀၄ ယောက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ခေါ်ဆောင်ခံရသူ ၂၀၄ ယောက်အနက် အများစုကို IEC က ပြည်နှင်ဒဏ်ချမှတ်ခဲ့ပြီး နစကနဲ့ တိုက်ရိုက်ပတ်သက်သူ ငါးယောက်ကို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ကရင်နီပြည်နယ် ရဲဌာနက တရားလိုအဖြစ် ပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး အဲ့ဒီ့နောက် အခုလို ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကရင်နီပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ်က “တရားလိုကနေ တင်သွင်းလာတဲ့ အချက်အလက် အထောက်အထားတွေ၊ တရားရုံးက စစ်ဆေးတာတွေ အပါအဝင် တရားခံရဲ့ ဝန်ခံချက်ကြောင့် ယခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ အရ အထောက်အထား ခိုင်မာတဲ့အတွက် အခုလို အပြစ်ပေးလိုက်တာဖြစ်ပါတယ်” လို့ မီဒီယာတခုရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားထားတာ တွေ့ရပါတယ်။

KNDF ရဲ့ ခေါ်ဆောင်သွားခြင်း ခံရသူတွေထဲက ပထမအကြိမ် အယောက် ၇၀ နဲ့ သူတို့ရဲ့ မိသားစုဝင် ၃၇ ယောက်၊ ဒုတိယအကြိမ် ၅၉ ယောက်နဲ့ သူတို့ရဲ့ မိသားစုဝင် ၂၇ ယောက်၊ စုစုပေါင်း ၁၉၃ ယောက်ကို ကတိခံဝန်ချက် လက်မှတ်ရေးထိုးစေပြီးနောက် နိုဝင်ဘာ ၂၈ ရက်ကစပြီး ကရင်နီပြည် ပြင်ပကို အပြီးသတ် နယ်နှင်ဒဏ် ပေးခဲ့တယ်လို့ သိရပါတယ်။

နစကနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေတဲ့ တပ်မိသားစုဝင် သုံးဦးကိုလည်း စစ်ဖက်ဆိုင်ရာ အက်ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရေး ကိစ္စရပ်တွေကို ဆက်လက် ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာ စစ်ခုံရုံးကို လွှဲပြောင်း အရေးယူသွားမှာ ဖြစ်တယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နစကဘက်က ဘယ်လိုစီစဥ် ဆောင်ရွက်နေသလဲ ဆိုတာကို သိရှိနိုင်ဖို့ VOM က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားပေးခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တက္ကသိုလ်အတွင်း အဆောင်တွေမှာနေထိုင်တဲ့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်မှု ဖြစ်ပွားခဲ့တာမှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၂၈၅ ယောက်ကို အချိန်မီ ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကာကွယ်ရေး တပ်ဖွဲ့ဘက်ကတော့ သူတို့အနေနဲ့ ကလေးတက္ကသိုလ်ထဲက နစက တပ်ဖွဲ့ဝင်တွေကို ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ဘက်ကနေ ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တက္ကသိုလ်ဝန်းထဲမှာရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို တိုက်ပွဲထဲ မပိတ်မိအောင် ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း PDF အဖွဲ့ဝင် အယောက် ၇၀ ဝန်းကျင်က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကျော်အောင် အပါအဝင် ဌာနမှူး နှစ်ယောက်နဲ့ ဆရာမတယောက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ် တခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ သတင်း အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပညာရေးဝန်ထမ်း ၃၇၀ ဦးရှိပြီး အဲ့ဒီ့ထဲက ၂၇၆ ဦး ပြန်လည် လွတ်မြောက်လာခဲ့ကာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းခံရသူ ၁၂၂ ဦး ရှိပြီး ၈၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှ၊ ဘုရားကုန်းကျေးရွာအုပ်စုရှိ ကျေးရွာတွေမှာ ရှိနေတဲ့ ဆရာ၊ ဆရာမတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့မှ အခု ၂၀၂၄ ခုနှစ်၊ မတ်လမှစတင်ကာ တလကို ကျပ်ငွေ ငါးသောင်းပေးဖို့ မတ်လ ၃ ရက်နေ့က ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW