ထားဝယ်နဲ့ သရက်ချောင်းက စစ်ရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေ

 

မတ် ၁၀ – ၂၀၂၄

SN (VOM)

တနင်္သာရီတိုင်း၊ ထား၀ယ်နဲ့ သရက်ချောင်း မြို့နယ်အတွင်းက စစ်ရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ ထား၀ယ်မြို့နယ်မှာ ၁၅၀၀ ဝန်းကျင်၊ သရက်ချောင်းမြို့နယ်မှာ ၂၀၀၀ ဝန်းကျင်ရှိကာ အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် အမိုးအကာ မလုံခြုံမှုတွေနဲ့လည်း ကြုံတွေ့နေရသလို စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပါ လိုအပ်နေတယ်လို့ သိရပါတယ်။

“လက်ရှိမှာ စစ်ရှောင်တွေ လိုအပ်နေတဲ့ အကူအညီတွေကို လမ်းပန်းဆက်သွယ်ရေး အခြေအနေ မကောင်းတာကြောင့် ကျွန်တော်တို့အနေနဲ့ ထိထိရောက်ရောက် ပေးနိုင်တာမျိုး မရှိသေးဘူး။ စစ်ဘေးရှောင်နေရတော့ သူတို့တွေအနေနဲ့ ဘာစီးပွားရေးမှလည်း လုပ်လို့မရဘူးဖြစ်နေတယ်။ အလှူရှင်တွေအများကြီးလည်း လိုအပ်နေပါသေးတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူ တယောက်က ပြောပါတယ်။

အခု မတ်လအတွင်း ထားဝယ်မြို့နယ်၊ အရှေ့တောဒေသနဲ့ သရက်ချောင်းမြို့နယ်မှာ နစကတပ်နဲ့ PDF ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ စစ်ရေး တင်းမာလျက်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံရဲ့ တောင်ပိုင်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းအတွင်းက တနင်္သာရီ၊ ပုလော၊ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။

“စစ်ရှောင်တွေအတွက် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်။ ပြီးတော့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ရှားပါးတာတွေကြောင့်လည်း အခက်အခဲဖြစ်နေတာပေါ့။ အဖက်ဖက်က ပိတ်ဆို့ခံရတဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်းနဲ့ ပတ်သက်လို့ လက်လှမ်းမီနိုင်မှု အင်မတန်အားနည်းနေတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ငါးသောင်းကျော်အထိ ရှိခဲ့ပြီး အောက်တိုဘာလမှာ စစ်ရှောင်ရသူ အများဆုံးကာလ ဖြစ်ခဲ့တာကို တိုင်းအတွင်းက အဖြစ်အပျက်တွေကို မှတ်တမ်းပြုစုနေတဲ့ FE5 Tanintharyi ရဲ့ စာရင်းတွေအရ သိရပါတယ်။

တနင်္သာရီတိုင်းတခုလုံးမှာ လူဦးရေ စုစုပေါင်း ၁၄ သိန်းဝန်းကျင်သာရှိတဲ့အတွက် စစ်ရှောင် ငါးသောင်းကျော်အရေအတွက်ဟာ တနင်္သာရီတိုင်းလူဦးရေရဲ့ ၄ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။

 

Photo Crd : Original Uploader

 

#voiceofmyanmar #VOM #တနင်္သာရီတိုင်း #ထား၀ယ် #သရက်ချောင်း #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW