ခြံအမှတ် ၅၄ နဲ့ နေအိမ်ကို လေလံတင်မယ့်ကိစ္စ ပြင်ဆင်မှု လျှောက်ထား

မတ် ၁၅ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို လေလံတင် ရောင်းချမယ့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တိုင်းတရားရုံးကို ပြင်ဆင်မှု လျှောက်ထားခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ခြံအမှတ် (၅၄) နဲ့ နေအိမ်တို့ကို လေလံတင်မယ့်ကိစ္စရပ်ဟာ နည်းလမ်းတကျ ဆောင်ရွက်ခြင်းမရှိတာကြောင့် အခုလို ပြင်ဆင်မှု လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြင်ဆင်မှုတက်ခဲ့တာကတော့ ပြီးခဲ့တဲ့ တပတ်လောက်ကပါ။ နေပြည်တော် အချုပ်ထောင်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ကိုယ်စားလှယ်လွှဲစာ ရခဲ့တဲ့အတွက် လေလံတင်မယ့်ကိစ္စကို ပြင်ဆင်မှု လျှောက်ထားခဲ့တာပါ” လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အခုလို ပြင်ဆင်မှု လျှောက်ထားခြင်းကို တိုင်းတရားရုံးက လက်ခံခြင်း ရှိ၊ မရှိ နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးမှသာ သိနိုင်မှာဖြစ်တာကြောင့် ဘယ်နေ့မှာ ကြားနာမယ်ဆိုတာကို မသိရှိရသေးဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်ဖြစ်တဲ့ အဲ့ဒီ့ အိမ်နဲ့ ခြံကို လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ငွေကျပ် သိန်းပေါင်း သုံးသန်းကျော် (အမေရိကန်ဒေါ်လာ သန်းကိုးဆယ်နီးပါး) နဲ့ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင် တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်ဆန်းဦးဟာ ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ယောက် ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ အိမ်နဲ့ခြံကို မောင်နှမ နှစ်ယောက် ခွဲဝေပိုင်ဆိုင်ဖို့ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။

ဒီအမိန့်ကို မကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်ထိ အဆင့်ဆင့် အယူခံတက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရပြီး နောက်ပိုင်း ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့စဉ်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပြီး အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ်ခရိုင်တရားရုံးက လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်တယ်လို့ သိရပြီး မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစုကိုယ်စား ရှေ့နေအဖွဲ့က ထောင်ဝင်စာပေးပို့ခဲ့ချိန်မှာ အကျဉ်းထောင်ဘက်က သူမရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြန်လည်ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd:Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW