မုံရွာမြို့ အနီးကျင်က ဒေသတွင်း လက်နက်ကိုင် PDF အခြေပြုစခန်းတွေ ဒီရက်ပိုင်းအတွင်း တိုက်ခိုက်ခံနေရ

မတ် ၊ ၁၅ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ ရဲ့ အနီးဝန်းကျင် ကျေးရွာတွေနားမှာ အခြေပြုနေတဲ့ ဒေသတွင်း လက်နက်ကိုင် PDF စခန်းတွေကို နစက လုံခြုံရေး တပ်ဖွဲ့တွေက ဒီရက်ပိုင်းမှာ လိုက်လံရှင်းလင်းနေတာကြောင့် မီးလောင်ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” မနေ့ မတ် ၁၄ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်က မုံရွာမြို့ရဲ့ အရှေ့နောင်ဘက် သက္ကယ်ကျင်း ၊ လယ်ဇင်ရွာဘက်မှာ အခြေပြုတဲ့ ဒေသတွင်း လက်နက်ကိုင် PDF စခန်းတခု တိုက်ခိုက်ခံရတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဗောဓိတထောင်ရဲ့ တောင်ဘက်က ဗန်စီရွာနားက PDF စခန်းတခု နဲ့ ကြေမုံရွာနားက PDF စခန်းတခု တိုက်ခိုက်ခံရတယ် ၊အဲ့ဒီ အပြင် မုံရွာနယ်နဲ့ ထိစပ်နေတဲ့ ချောင်းဦးမြို့နယ် ၊ ကျောက်တန်းရွာနားက PDF စခန်းလည် တိုက်ခိုက်ခံရတယ် ၊ အဲဒီ တိုက်ခိုက်မှုဖြစ်စဥ်တွေမှာ ထိခိုက်သေဆုံးတာတွေရှိသလို ၊ လက်နက်ခဲယမ်းတွေ ပါသွားတဲ့အပြင် မီးရှို့ဖျက်ဆီး ခံရတာတွေလည်း ရှိတယ် ” မုံရွာမြို့ခံတယောက်က ပြောပါတယ်။

မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က ညနေပိုင်းမှာ သက္ကယ်ကျင်း ၊ လယ်ဇင်ဘက်မှာ နယ်မြေရှင်းလင်းတဲ့အခါ ထိတွေ့မှုတွေဖြစ်တယ် ၊ PDF စခန်းတခု သိမ်းဆည်းရမိတယ် ၊ လက်နက်ခဲယမ်းတွေ အပါအဝင် ကားနှစ်စီးပါ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ သတင်းထုတ်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း မုံရွာနယ်ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာရှိတဲ့ ဗန်စီကျေးရွာနဲ့ မုံရွာ မန္တလေးကားလမ်းမှာရှိတဲ့ ကြေးမုံ ကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပြီး PDF စခန်း နှစ်ခုဖျက်ဆီးရခံကာ လူတချို့ ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။

မုံရွာခရိုင် ၊ မုံရွာမြို့နယ်နဲ့ ထိစပ်နေတဲ့ ချောင်းဦးမြို့နယ် ၊ ကျောက်တန်းကျေးရွာနားက လက်နက်တွေ ထုတ်လုပ်နေတဲ့ PDF စခန်းတခု မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသတွင်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားတာက ချောင်းဦးမြို့နယ် ၊ ကျောက်တန်းရွာနားမှာရှိတဲ့ PDF မိုင်းထုတ်လုပ်ရေးစခန်း တခု မီးရှို့ဖျက်ဆီးခံရပြီး ၊ လက်လုပ်သေနတ်(အတို) ၂ လက် ၊ လက်လုပ်သေနတ်(အရှည်) ၅ လက် ၊ လက်လုပ်စိန်ပြောင်း ၃ လက် ၊ ယမ်းမှုန့်(၅ ပိဿာ) ၁ ထုပ် ၊ လက်လုပ်မိုင်းမျိုးစုံ ၅ လုံး ၊ လူနေတဲ ၅ လုံး သိမ်းဆည်းခံရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ချောင်းဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ် ၊ မကျီးကန်ကျေးရွာနားမှာ မနေ့ မတ် ၁ ရက် မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားပြီး PDF ကင်းသမား သုံးယောက် ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်၊ အဲ့ဒီ သေဆုံးသူတွေကတော့ MSPDF အဖွဲ့က ရဲဘော် ဒန်အိုးခေါ် နေဇော်အောင် ၊ ရဲဘော် ​ဗြေလုံ ခေါ် ဇော်ရတနာပိုင်ထွေး နဲ့ ရဲဘော် ကြွက်ဖြူ ခေါ် တင်မျိုးအောင်ဖြစ်တယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ချောင်းဦးမြို့နယ် ၊ မုံရွာ မန္တလေး ကားလမ်းပေါ်မှာ ဖောက်ခွဲတိုက်ခိုက်ဖို့ အသင့်ထောင်းထားတဲ့ မိုင်းအလုံး တရာကျော်ကိုလည်း ဒီရက်ပိုင်းအတွင်း တွေ့ရလို့ နစက နယ်မြေရှင်းလင်းရေးအဖွဲ့တွေက ဖယ်ရှားခဲ့ရသေးတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း မုံရွာမြို့မှာ ဓားပြတိုက်မှုတွေ ဖြစ်ပေါ်နေပြီး ၊ ဌာနဆိုင်ရာ ဝန်ထမ်းတချို့လည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံနေတာတွေရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မုံရွာဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW