အိန္ဒိယဘက်က ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေ နယ်စပ်ဂိတ်မှာ သောင်တင်နေ

မတ် ၊ ၁၅ ၊ ၂၀၂၄
SP(VOM)

ပြီးခဲ့တဲ့ မတ် ၈ ရက်က အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဉ်းထောင်မှာ ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၇၇ ယောက်ကို ပြစ်ဒဏ်ကျခံရန် ရက်ကုန်ဆုံးတာကြောင့် မိုးရေး – တမူး နယ်စပ်ဂိတ်ကနေတဆင့် မြန်မာဘက်ကို ပြန်လည်လွဲပြောင်းပေးဖို့ အသင့်ဖြစ်နေပေမယ့် ဒီကနေ့အထိ မြန်မာဘက်ခြမ်းက လဝက တွေရောက်မလာသေးတာကြောင့် နယ်စပ်ဂိတ်မှာ မြန်မာဘက်ကို ပြန်လွဲပေးမယ့် မြန်မာနိုင်ငံသားတွေ သောင်တင်နေရတာ ရက်သတ္တပတ်ရှိနေပြီလို့ မိုးရေးမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ မတ် ၈ ရက်က အင်ဖာအကျဉ်းစခန်းမှာရှိတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်အနက်က ၇၇ ယောက်ကို အင်ဖာကနေ မိုးရေးမြို့ နယ်စပ်စခန်းအထိ ရဟတ်ယာဉ်နဲ့ပို့ဆောင်ပေးခဲ့တာဖြစ်တယ် ၊ ဒီကနေ့ဆိုရင် မိုးရေးမှာ အဲဒီ မြန်မာ ၇၇ ယောက် လွဲပြောင်းပေးဖို့ ရောက်နေတာ တပတ်ရှိပြီ ၊ မြန်မာဘက်က လဝကတွေ အခုထိ လာခေါ်တာမရှိသေးဘူး ၊ အဲ့ဒါကြောင့် မိုးရေးမှာရောက်နေတဲ့ မြန်မာ နိုင်ငံသား ၇၇ ယောက်ထဲက ၃၈ ယောက်ကိုတော့ မိုးရေးစစ်တပ်ထဲမှာ ပြောင်းရွေ့ခေါ်ထားတယ် ၊ ကျန်တဲ့ လူတွေကတော့ နယ်စပ်စခန်းထဲမှာ ရှိနေတယ် ” လို့ India For Myanmar လူမှုကူညီရေး အဖွဲ့ဝင် တယောက်က ပြောပါတယ်။

မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂျမားက ” နယ်စပ်ဂိတ်မှာ မဏိပူရ်ဘက်ကနေ မြန်မာဘက်ကို လွဲပြောင်းပေးတဲ့အခါ ၊ မြန်မာဘက်က လာခေါ်တာမျိုး မရှိခဲ့ရင် အင်ဖာအကျဉ်းစခန်းမှာပြန်နေရပြီး မြန်မာ လဝက လာမခေါ်မချင်း အင်ဖာအကျဉ်းစခန်းကနေ စောင့်နေရတာမျိုးတွေ အရင်က ရှိခဲ့ဖူးတယ် ၊ ဒီတခါတော့ လွဲပြောင်းပေမယ့် အရေအတွက်ကများတော့ ဘယ်လိုပုံစံမျိုးဖြစ်မယ်လို့ မသိရသေးဘူး ၊ လွဲပြောင်းခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက နိုင်ငံရေးသမားတချို့ ပါဝင်သလို ၊ မဏိပူရ်ဘက်မှာ ယက္ကန်းလုပ်ငန်း လာလုပ်သူတွေပါတယ် ” လို့ ပြောပါတယ်။

ဒီ အကြောင်းနဲ့ ပတ်သက်ပြီး တမူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) ရုံးဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

မြန်မာဘက်ကနေ အိန္ဒိယဘက်ကို ထွက်ပြေးခိုလှုံလာသူတွေကို အိန္ဒိယ တာဝန်ရှိသူတွေက နေရပ်ပြန်ပို့ဖို့ အတင်းအကြပ် ကြိုးစားတာဟာ တာဝန်မဲ့ရာ ရောက်စေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေဆီကို Fortify Rights အဖွဲ့က တင်ပြတောင်းဆိုထားပါသေးတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW