သင်္ဃန်းညီနောင်အနီး တိုက်ပွဲတွေဆက်ဖြစ်နေလို့ ရွာလုံးကျွတ် ဘေးလွတ်ရာ တိမ်းရှောင်ရတာတွေရှိ

 

မတ် ၁၆ – ၂၀၂၄

SN (VOM)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သင်္ဃန်းညီနောင်ရွာအနီး တိုက်ပွဲဆက်ဖြစ်နေလို့ ဝှေ့ရှမ်းကျေးရွာက ဒေသခံပြည်သူတွေ ထပ်မံတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၁၅ ရက်၊ မနက်ပိုင်းအချိန်မှာ သင်္ဃန်းညီနောင်အနီး နစကတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တော် (KNLA) မဟာမိတ်ပူးပါင်းတပ်တို့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် ဝှေ့ရှမ်းကျေးရွာက ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာကတော့ ဒီအချိန်မှာ ပြောလို့မရသေးဘူး။ တိုက်ပွဲကြောင့် စာရင်းကောက်လို့ အဆင်မပြေဘူးလေ။ တိုက်ပွဲကတော့ မနေ့ မနက် ၄ နာရီ ကျော်လောက်ကတည်းက ဝှေ့ရှမ်းစာသင်ကျာင်းဘက်မှာ ဖြစ်နေတာ။ လက်နက်ကြီးရန်‌ရော၊ လေကြောင်းရန်ရော ရှိနေတော့ ရွာသားတွေ ဘယ်သူမှ မနေရဲကြဘူး။ ရွာလုံးကျွတ်ပြေးကြရတာပေါ့။ ပြေးတာကတော့ အနီးနားက တိုက်ပွဲနဲ့လွတ်မယ်ထင်တဲ့ ရွာတွေဆီကို ပြေးကြတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

ဒါအပြင် သင်္ဃန်းညီနောင် ခြေချစစ်ဗျူဟာ စစ်စခန်းဘက်မှာလည်း တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဝှေ့ရှမ်းကျေးရွာ ရပ်ကွက် (၂) နဲ့ ရပ်ကွက် (၇) ထဲကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၇၀ ကျော်အရွယ် အဘွား တယောက်နဲ့ အသက် ၄၀ ကျော်အရွယ် ရွာသားတယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်က စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မတ်လ ၁၆ ရက်မှာလည်း နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် မတ်လ ၇ ရက်နေ့မှ စတင်ကာ သင်္ဃန်းညီနောင် ရွာသစ်ကျေးရွာအပါအဝင် မြစန္ဒီ၊ ရွာသစ်၊ ရှမ်းစု၊ မဲကနယ်၊ မြေနီကုန်း ကျေးရွာတို့က ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ မြဝတီမြို့နဲ့ တိုက်ပွဲလွတ်ရာ ကျေးရွာတွေဆီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ကနဦး ရက်ပိုင်းက လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံ အမျိုးသမီးတယောက်နဲ့ အမျိုးသား သုံးယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ရွာသစ်သဘာဝရိပ်သာရှိ အဘိုး နှစ်ယောက် သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မတ်လ ၇ ရက်မှ စတင်ကာ မြဝတီမြို့အထွက် သင်္ဃန်းညီနောင် အာရှလမ်းပိုင်း၊ ကုန်သွယ်ရေးဇုန် နေရာတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) က လမ်းပိတ်ထားပြီး မြို့တွင်းမှာလည်း ကင်းလှည့်စောင့်ကြပ်မှုတွေ ရှိနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိတဲ့ သင်္ဃန်းညီနောင်ဒေသဟာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ ထို့ကော်ကိုး-ကျော်ခို့-သင်္ဃန်းညီနောင် ကားလမ်းအဆုံးမှာ တည်ရှိတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

အဲဒီဒေသရဲ့ လတ်တလော တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နှစ်ဖက်တပ်ဖွဲ့တွေက သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Photo Crd:Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW