VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ

– မာစီဒီးက လူတူစက်ရုပ်တွေကို ကားထုတ်လုပ်ရေးမှာဘယ်လိုအသုံးပြုနေလဲ
-စမတ်ဖုန်းကုမ္ပဏီ Xiaomi က ပထမဆုံးရောင်းချမယ့် လျှပ်စစ်ကား
-ဂျပန်ကုမ္ပဏီတခုရဲ့ ဒုံးပျံလွှတ်တင်မှု မီးလောင်ပေါက်ကွဲခဲ့
မတ်-၁၉-၂၀၂၄
မျိုးဆက်(VOM)
(၁) လူတူစက်ရုပ် ဝန်ထမ်းတွေကို ကားထုတ်လုပ်ရေးမှာ စတင်အသုံးပြုနေတဲ့ မာစီဒီးကုမ္ပဏီ
မာစီဒီးမော်တော်ကားကုမ္ပဏီဟာ သူ့ရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လူတူစက်ရုပ်ဝန်ထမ်းတွေကို စတင်ပြီး တရားဝင်အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အက်ထရွန်နစ်ခ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အပိုလို လူတူစက်ရုပ်တွေဟာ လူသားဝန်ထမ်းတွေ သက်သာစေဖို့အတွက် လေးလံတဲ့ပစ္စည်းတွေ သယ်မတာမျိုးအပါအဝင် ရိုးရှင်းတဲ့ လုပ်ဆောင်မှုတွေမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။
ဒီလို အခြေခံအလုပ်တွေမှ လူတူစက်ရုပ်တွေကို အစားထိုးအသုံးပြုတာကြောင့် လူသားတွေအနေနဲ့ ပိုမိုအရေးပါတဲ့ အလုပ်တွေကို အာရုံစိုက်တာမျိုးပိုမိုပြုလုပ်နိုင်မယ့်အပြင် လုပ်ငန်းခွင်အန္တရယ်နဲ့ ထိခိုက်ဒဏ်ရာရတာတွေကို လျှော့ချနိုင်မယ်လို့ မာစီဒီးက ပြောပါတယ်။
အသုံးပြုနေတဲ့ အပိုလို လူတူစက်ရု်ပတွေဟာ အရပ် ၅ ပေ ၈လက်မရှိပြီး ဘေးကင်းလုံခြုံစွာ လုပ်ကိုင်သွားနိုင်ဖို့ အာရုံခံကိရိယာတွေ တပ်ဆင်ထားကာ စွမ်းအင်အပြည့်ဆိုရင် လေးနာရီကြာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။
ဒါအပြင် အဝေးကထိန်းချုပ်နိုင်မယ့် ဆော့ဖ်ဝဲစနစ်လည်းပါဝင်ပြီး အပိုလို လူတူစက်ရုပ်တွေဟာ ယာဉ်အစိတ်အပိုင်းတွေကို စစ်ဆေးတာ၊ လူသားလုပ်သားတွေအတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေ စုပေးတာ၊ ထုတ်ပိုးဖို့ အစိတ်အပိုင်းတွေ ပေးပို့တာနဲ့အခြားသော လုပ်ငန်းဆောင်တာတွေမှာ မာစီဒီးကုမ္ပဏီက အသုံးပြုနေပါတယ်။
(၂) စမတ်ဖုန်းကုမ္ပဏီ Xiaomi က ပထမဆုံးထုတ်တဲ့ လျှပ်စစ်ကား ရောင်းချတော့မယ်
တရုတ်နည်းပညာကုမ္ပဏီ Xiaomi သူ့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားဖြစ်တဲ့ SU7 ကို ယခုလအတွင်းမှာ စတင်ရောင်းချသွားတောမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဆင့်မြှင့် နည်းပညာတွေ ပေါင်းစပ်ပါဝင်တယ်လို့ Xiaomi ကဆိုထားတဲ့ အဲဒီလျှပ်စစ်ကားရဲ့ ဈေးနှုန်းကိုတော့ မတ် ၂၈ ရက်ရက်မှာသာ ထုတ်ပြန်ကြေညာမယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံတွင်းမှာတော့ မြို့ပေါင်း ၂၉ မြို့ရှိ အရောင်းဆိုင်ပေါင်း ၅၉ ဆိုင်မှာ ဝယ်ယူနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဘီဝိုင်ဒီနဲ့ တက်စ်လာတို့တို့လို လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်ချိန်မှာ တရုတ်နိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Xiaomi ကလည်း လျှပ်စစ်ကားဈေးကွက်ကို စတင်ဝင်ရောက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
Xiaomi အနေနဲ့ ကမ္ဘာပေါ်မှာ ထိပ်တန်းကားထုတ်လုပ်ရေး ကုမ္ပဏီတွေထဲက ထိပ်ဆုံးငါးခုစာရင်းဝငဖို့ ရည်မှန်းထားပြီး လာမယ့် ၁၀ နှစ်အတွင်း မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် လိုင်ဂျွန်က ပြောပါတယ်။
ကုမ္ပဏီက ရောင်းချသွားမယ့် SU7 လျှပ်စစ်ကားဟာ တက်စ်လာအပါအဝင် အခြားကုမ္ပဏီထုတ် လျှပ်စစ်ကားတွေထက် ပိုမိုမြန်ဆန်စွာအရှိန်မြှင့်နိုင်တဲ့ စူပါလျှပ်စစ်မော်တာ နည်းပညာပါဝင်ကြောင်း လိုင်ဂျွန်က ဆိုပါတယ်။
(၃)ဂျပန်ကုမ္ပဏီတခုရဲ့ ဒုံးပျံလွှတ်တင်မှု စက္ကန့်ပိုင်းအကြာမှာ ပေါက်ကွဲမီးလောင်ခဲ့
ဂျပန်အကျိုးတူ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ စပေ့ဝမ်းကုမ္ပဏီက လွှတ်တင်ခဲ့တဲ့ ဒုံးပျံဟာ လွှတ်တင်ပြီး များမကြာမီမှာ ပေါက်ကွဲမီးလောင်ခဲ့ကြောင်း သိရပါတယ်။
စပေ့ဝမ်းကုမ္ပဏီရဲ့ Kairos ဒုံးပျံကို ဂျပန်နိုင်ငံအနောက်ပိုင်း ဝါကာယာမာစီရင်စု ကူရှီမူတိုမြို့ရှိ လွှတ်တင်ရေးစင်တာကနေ ​ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းထဲကို ဂြိုဟ်တုကို ဒုံးပျံလွှတ်တင်မှု ပထမဆုံးပြုလုပ်နိုင်တဲ့ ဂျပန်ကုမ္ပဏီဖြစ်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂြိုဟ်တုတင်ဆောင်ထားတဲ့ လောင်စာခဲသုံး ဒုံးပျံဟာ လွှတ်တင်ပြီး ငါးစက္ကန့်အကြာမှာ မီးလောင်ပေါက်ကွဲခဲ့ပြီး ဖြစ်စဉ်ကြောင်း ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စပေ့ဝမ်း ကုမ္ပဏီဟာ ကမ္ဘာမြေကနေ မိနစ် ၅၀ ပျံသန်းရတဲ့ ကီလိုမီတာ ၅၀၀ အကွာ ကမ္ဘာပတ်လမ်းကြောင်းမှာ အခုလိုလွှတ်တင်မှုမအောင်မြင်ခဲ့တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး အကဲဖြတ်နေတယ်လို့ ကုမ္ပဏီတာဝန်ရှိသူများက ပြောပါတယ်။
ဂျပန်နိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း အာကာသနည်းပညာ နယ်ပယ်မှာ တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်နေပြီး အမေရိကန် အာကာသအေဂျင်စီ(နာဆာ) ဦးဆောင်တဲ့ လကမ္ဘာပေါ် လူသားတွေပြန်လည်စေလွှတ်မယ့် မစ်ရှင်မှာလည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။
Ref:IE/CNN
Photo:IE/Getty Images
VOM Viber Channel: https://invite.viber.com/…
VOM Website Link: http://tinyurl.com/ywyd7eyn

Related posts

Leave a Comment

VOM News

FREE
VIEW