ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရလို့ လုံခြုံရေးရဲတချို့ ဒဏ်ရာရ

မတ် ၊ ၂၄ ၊ ၂၀၂၄
TT (VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ထိမ္မလာကျေးရွာအနီး ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၉ နဲ့ ၃၂၀ ကြားမှာ မနေ့ မတ် ၂၃ ရက်က လမ်းလုံခြုံရေး ရဲကင်းတခုကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက် ဒဏ်ရာရ တာတွေရှိခဲ့တယ်လို့ အမြန်လမ်းသွား ကားသမားတွေဆီက သိရပါတယ်။

” မိုင်တိုင် ၃၁၉ နားဖြတ်သွားတဲ့အချိန် ပေါက်ကွဲသံတွေတော့ကြားလိုက်ရတယ် ၊ ကားပေါ်ကနေ ဆင်းမကြည့်ရဲလို့ မကြည့်လိုက်ဘူး ” လို့ ကားသမားတယောက်က ပြောပါတယ်။

မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က အမြန်လမ်း လမ်းလုံခြုံရေး ရဲကင်းတခု ၊ ဒရုန်းဗုံးချပြီး တိုက်ခိုက်ခံရတယ် ၊ အဲ့ဒီ တိုက်ခိုက်မှုဖြစ်စဥ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ယောက် ဒဏ်ရာရတယ်လို့တော့ ကနဦးသိရတယ် ၊ အခြေအနေ အကြောင်းစုံတော့မသိရသေးဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာ ၊ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၉ နေရာကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း (Natogyi People Defence Force ) အဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ကြားရပြီး ဘာတွေ ပျက်စီးသွားသလဲဆိုတာ VOM အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၈ ရက် ၊ မနက်ပိုင်းကလည်း ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ / ၇ အနီး မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ထိမ္မလာကျေးရွာနားမှာ ပေါက်ကွဲမှု တခုဖြစ်ပြီး ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် မန္တလေးကနေ စစ်သည်တော်ကျင့်ဝတ် စာမေးပွဲ ဖြေဆိုပြီး မကွေးဘက်ကို ပြန်လာတဲ့ စစ်ကားတစီး ထိမှန်လို့ ကားလေကာမှန်တချပ် ပျက်စီးခဲ့ပါသေးတယ်။

ရန်ကုန် – မုံရွာ – ရေဦးပြေးဆွဲနေတဲ့ ခရီးသည်တင် ကားသမားတယောက်က ” မြန်မာပြည် အောက်ပိုင်းနဲ့ အထက်ပိုင်းကို ဆက်သွယ်ပေးထားတာ အမြန်လမ်းဖြစ်တယ် ၊ အဲ့ဒါကြောင့် အမြန်လမ်းကို အဓိကထားပြီး အသုံးပြုသူများတယ် ၊ နောက်ပြီး အမြန်လမ်းမှာယာဥ်အန္တရာယ်မဖြစ်အောင် လုံခြုံရေးတွေ စောင့်ကြပ်ပေးတယ် ၊ ကားသမားတွေအဖို့ အဲ့ဒီအမြန်လမ်းက ယုံကြည်စိတ်ချရဆုံး လမ်းပိုင်းဖြစ်တယ် ၊ အခုလို ပေါက်ကွဲမှုတွေ နှစ်ကြိမ်ဖြစ်လာပြီးဆိုတော့ သွားလာတဲ့ ကားတွေအဖို့ ဘယ်နားမှာများ ထပ်ပြီး ပေါက်ကွဲအုံးမလားဆိုကာ စိုးရိမ်စိတ်နဲ့ သတိထား မောင်းနှင်သွားလာနေရတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ ရန်ကုန် မန္တလေး အမြန်လမ််းမှာ မိုင်းအန္တရာယ် ကင်းရှင်းဖို့အတွက် အရှည် ပေတရာကျော်ရှိတဲ့ တံတားနေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ တာဝန်ချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လမ်းလုံခြုံရေး ထူထပ်စွာ ချထားပေးတဲ့ကြားက ရန်ကုန် – မန္တလေး အမြန်လမ်းပိုင်းမှာ ဒီလအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ ၊ အမြန်လမ်း ဒရုန်းဗုံချတိုက်ခိုက်ခံရတဲ့ နေရာ ( သတင်းထုတ်ပြန်ထားတဲ့ လူမှုကွန်ရက်)

Related posts

Leave a Comment

VOM News

FREE
VIEW