ဆူးငှက်
“ သုခုမပညာရှင် ဖြစ်ချင်ရင် မိမိတို့အသီးသီးကိုယ့်ပညာနဲ့ကိုယ် ပန်းချီဆရာက ပန်းချီဆွဲတတ်အောင်၊ ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်တတ်အောင်၊ သီချင်းရေး ဆရာက သီချင်းစပ်တတ်အောင် စသည်တို့ကို ကြိုးကြိုးစားစား လေ့ကျင့်နေရင်း အခု ကျွန်တော်ပြောနေတဲ့ ခံစားမှု၊ မွေးမြူမှုကိုလည်း မမြဲမပြတ် မွေးမြူကြရပါတယ်။ ဥပမာ အခုပန်တျာကျောင်းမှာ သင်နေကြတဲ့ ပန်းချီပညာသင်ကလေးတွေဟာ သုံးနှစ်သင်လိုက်ရင် အတော် ဆွဲတတ်တဲ့ ပန်းချီဆရာလေးတွေ ဖြစ်လာပါမယ်။ ဒါပေတဲ့ သူတို့မှာလောကဗဟုသုတက နည်းနေပါဦးမယ်။ ဒါကြောင့် သူတို့ဟာ ဘယ်လိုခံစားတဲ့ သဘောတွေ၊ ဘယ်လိုအသိတွေ သရုပ်ဖော်မယ်ဆိုတဲ့ဘက်က အတော်မွေးမြူရပါဦးမယ်။ ဓာတ်ပုံသမားဆိုတော့ ခြောက်လ၊ တစ်နှစ်နဲ့ ကောင်းကောင်း ရိုက်တတ်ပါတယ်။ ဒါပေမယ့် သူလည်း မွေးမြူဘက်က အတော် မွေးရပါဦးမယ်။ ပိုပြီးမွေးမြူရပါမယ်။ ပန်းချီတို့ စာရေးဆရာတို့က မိမိတို့အတွေ့အကြုံတစ်ခုကို တွေ့တုန်း မှတ်ပြီးနောက် အကြံဉာဏ်ထုတ်ပြီး တစ်လကြာ၊ နှစ်လကြာ၊ တစ်နှစ်ကြာ သရုပ်ဖော် ဖန်တီးနိုင်ပါတယ်။ ဓာတ်ပုံဆရာက အခုတွေ့ အခု စက္ကန့်အတွင်း၊ မိနစ်အတွင်း ရိုက်နိုင်ရပါမယ်။ ဆင်ပြီး ရိုက်နိုင်တဲ့ သဘောတွေတော့ရှိတော့ရှိပါတယ်။ ဒါပေမယ့် Spontaneous ဆိုတဲ့ သဘော ဖြစ်ခဲပါတယ်။ Spontaneous ဆိုတာက တစ်ဦးတစ်ယောက်ကဖြစ်အောင် တမင်ဖန်တီးရတာမျိုး မဟုတ်ဘဲ သဘာဝအတိုင်း ဘာသာအကြောင်း အားလျော်စွာ တိုက်ဆိုင်လို့ဖြစ်ပေါ်တဲ့ သဘောပေါ့။ ကျွန်တော်တို့ပြောနေကျတော့ သဘာဝကျတယ်လို့ပဲ ပြောရတာပေါ့”
ဓားတန်းဦးသန့်
ဓားတန်းဦးသန့်သည် ဓာတ်ပုံပိုင်းဆိုင်ရာတွင် ကျွမ်းကျင်သောအခါ ရုပ်ပိုင်းဆိုင်ရာတွင်လည်း လေ့လာ လိုက်စားမှုအားကောင်း လာသည်နှင့်အမျှ ကြီးကျယ်ခမ်းနားသော အစုစပ်ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုကိုပင် မန္တလေးတွင် ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့သည်။ ဓားတန်းဦးသန့် သည် အမျိုးသား အနုပညာရသအစုံပါဝင် သော ရုပ်ရှင်လုပ်ငန်းကို အထက်မြန်မာ ပြည်တွင်အခြေတည်၍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ““မန္တလေးရုပ်ရှင်လီမိတက်”” အနေ ဖြင့် ငွေရင်းငွေနှီး (၁၀)သိန်းမတည်၍ အစုရှယ်ယာဝင်ပေါင်း (၃၄)ဦးဖြင့် စုစည်းခဲ့သည်။ အဆိုပါရှယ်ယာဝင် (၃၄)ဦးအနက် အစုဝင်(၁၂)ဦးက ကြီးကြပ်အုပ်ချုပ်ခဲ့၏။အဆိုပါ ၁၂ဦးမှာ
၁ – ဓားတန်းဦးသန့်
၂ – ဝါးတန်းဦးအေးမောင်
၃ – ဦးထွန်းရှင် (ကျောက်ဆည်)
၄ – ရတနာပုံ ဦးအေးမောင်
၅- ဦးနေဝင်း (မန္တလေး)
၆ – ဦးစံရွှေ (မန္တလေး)
၇ – ရွှေမန်းတင်မောင်
၈ – ဦးစိန်ဝင်း (မန္တလေး)
၉ – ဦးကျော်မင်း (မန္တလေး)
၁၀ – ဦးကျော်ဝင်း (မန္တလေး)
၁၁ – ဦးမောင်ကို (မန္တလေး)
၁၂ – ဦးမောင်မောင် (မန္တလေး) တို့ ဖြစ်သည်။
၎င်းတို့အနက် ဦးစိန်ဝင်းက မန်နေဂျင်းဒါရိုက်တာအဖြစ်တာဝန်ယူ၍ ဓားတန်းဦးသန့်က ဇာတ်ကား ထုတ်လုပ်ရေး တာဝန်ခံ၊ ဦးကျော်ဝင်းက ဒု – ဇာတ်ကားထုတ်လုပ်ရေး တာဝန်ခံများအဖြစ် ဆောင်ရွက်ခဲ့ ကြသည်။
မန္တလေးရုပ်ရှင်ကုမ္ပဏီလီမိတက် တည်ထောင် ပြီးနောက် ရုပ်ရှင်ပညာနှင့်ပတ်သက်၍ လုပ်မစားရုံတစ်မယ် အသိကြွယ် ကာ၊ အတွေးအမြင်ပိုင်း၊ အနုပညာပိုင်း အားကောင်းလှသော ဓားတန်းဦးသန့်က သူ့အတွေး၊ သူ့အမြင်များကို လက်တွေ့သဘောခံစား တင်ပြရန် ရုပ်ရှင်ဇာတ်ကားများထုတ်လုပ် ရန်စီစဉ်သည်။ စက်ပိုင်းဆိုင်ရာအနေနှင့် (ထိုစဉ်က) အနောက် ဂျာမဏီ၊ မြူးနစ်မြို့တော်ရှိ ARRI (Armord & Richter KG) ကုမ္ပဏီမှ ကားကူးစက်၊ ကားဆေး စက်၊ ကားဆက်စက်၊ အသံထွက်ကင်မရာ နှင့် မီးမောင်းကြီးများဝယ်ယူခဲ့သည်။ အသံပိုင်းဆိုင်ရာ စက်ကိရိယာ ပစ္စည်းများနှင့် ပတ်သက်၍လည်း လန်ဒန်ရှိ ဂါးမောင့်ကယ်လီ ကုမ္ပဏီမှ မှာယူခဲ့၏။ အဆိုပါစက်ပစ္စည်း အသီးသီးကို မှာယူရာတွင် ကုမ္ပဏီမှ လုပ်ရိုးလုပ်စဉ် ရောင်းတမ်းပစ္စည်းမျိုးမဟုတ်ဘဲ မြန်မာပြည်ရာသီဥတု ရေမြေအနေအထား နှင့် ကိုက်ညီသော အပိုပစ္စည်းများတပ်ဆင် ပြုပြင်ပေးရန် အော်ဒါပေးမှာယူခဲ့ခြင်းမှာလည်း ဓားတန်းဦးသန့်၏ စိတ်ကူးစိတ်သန်း များဖြစ်ပါ၏။
မန္တလေးရုပ်ရှင်လီမိတက်ကို ၁၉၅၅ ခု သြဂုတ်လ (၁)ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သော်လည်း ထိုကာလ မတိုင်မှီ၁၉၅၃ ခုနှစ်မှစ၍ မန္တလေးရုပ်ရှင်လီမိတက် သေန္ဓတည်စဉ်ကပင် ရုပ်ရှင်၏အထောက် အကူပြုမဏ္ဍိုင်သည် တေးဂီတဖြစ်သည်ဟု ခံယူပြီး၊ သူထုတ်လုပ်သည့် ရုပ်ရှင်အနုပညာနှင့် လိုက်ဖက်သောတေးဂီတများကို ဖန်တီးနိုင်ရန်၊ သူနှင့် အနုပညာပိုင်းဆိုင်ရာအတွင်းသိ၊ အစင်းသိ၊ သူနှင့် ထပ်တူ ဘက်စုံခံစားနားလည်နိုင်သူ မြို့မငြိမ်းကို တာဝန် ပေးအပ်ခဲ့သည်။ မြို့မငြိမ်းကို ဂီတမှူးခန့်၍ Musical Picture အဖြစ် မြို့မအသင်းကြီးနှင့် တိမ်ထိုး၊ ရွှေအိုးစည်သံ ပြိုင်သီဆိုမှု၊ အငြိမ့်ကကြိုး၊ အိမ်သူပီပီ၊ တိမ်လွှာမို့မိုလွင် တို့ကို လေမှုတ်တူရိယာများ သာမက ကြိုးတပ်တယော တူရိယာများနှင့်ပါ ကြိုးပမ်းစမ်းသပ်ကာ အသံသွင်းရုပ်ရှင် ရိုက်ကူးနိုင်ခဲ့သည်။
တကယ်တော့ ဓားတန်းဦးသန့် က ရုပ်ရှင် ကုမ္ပဏီတစ်ခု ထူထောင်ခြင်းမှာ အကယ်၍ သူ့တစ်ဦးတည်းပိုင် သူ့ခြေ သူ့လက်ဖြစ်ပါက ဇာတ်လမ်း ဇာတ်ထုပ် ထုတ်လုပ်ရိုက်ကူးခြင်းထက် အနုပညာမြောက်သည့် ရသခံစားမှု ကာပိုင်းကားတိုများကိုဂီတရသနှင့် ရုပ်ရှင်ရသ ပေါင်းစပ် စိတ်ကူးကစား လိုဟန်တူသည်။ အကယ်၍ ဇာတ်လမ်းဇာတ်ထုပ် ရိုက်ကူးလျှင်သော်မှ ပြကွက်တိုင်း၏ အရုပ်အယူအဆ အလင်းအမှောင် အထားအသို အဖြတ်အတောက်နှင့် နောက်ခံဂီတက ရသ သဘောသာမက တွေးတောစရာ ဒဿနများအထိ ဖန်တီးလိုခြင်း ဆန္ဒ ရှိပေမည်။ သည်လို အကြံအစည်လည်း ရုပ်ရှင်ကုမ္ပဏီ၏ ဂီတတာဝန်ခံ မြို့မငြိမ်း၌လည်း ရှိပုံရသည်။
ဓားတန်းဦးသန့်၏ ဂီတအယူအဆများသာမက အခြားသော အနုပညာအယူအဆများတွင် သမရိုးကျမဟုတ်ဘဲ ဖောက်ထွက်စဉ်းစားသည်။ အထူးသဖြင့် ဂီတနှင့် အပြိုင် သူဝါသနာထုံသော၊ ဝါသနာထုံရုံမက ကျွမ်းကျင်သော ဓာတ်ပုံအယူအဆများကလည်း မြန်မာတွေးသာမက လူသားတစ်ယောက်အတွေးမျိုးဖြင့် အနှောင်အဖွဲ့ကင်းသည်။ အနှောင်အဖွဲ့ကင်းကင်း တွေးခေါ်စဉ်းစားသော်လည်း လူသားတစ်ယောက်၏ အာဂဉာဏ်ရည်ဖြင့် နှိုက်ထုတ် ကာ ဉာဏ်ကိုဖွင့်သည်။ “အနုပညာ ရသ” စာတမ်းတွင် သူ ဉာဏ်ဖွင့်ထားပုံမှာ
“ဓာတ်ပုံက ဘက်လိုက်လို့မရဘူး။ တစ်မျိုးတည်းသတ်သတ်ပဲ၊ ဒါပေမယ့် ကြည့်ပြီး အရသာပေါ်တာက တောင်နဲ့မြောက်ဖြစ်နိုင်တဲ့သဘောပြောမှာပါ။ ဒီမှာ ကျွန်တော် မြတ်စွာဘုရားဟောတော်မူတဲ့ ပဋ္ဌာန်း ဒေသနာတော် မှာ ပါတဲ့ ပကတူပနိသျသဘောနည်းနည်းထည့်ပြောပါမယ်။
ဒီ ပကတူပနိသျပစ္စည်းသဘောက ကျွန်တော်တို့အခု ပေါ်တဲ့စိတ်ဟာ အထက်ထက်က ဖြစ်ဖူးတဲ့ စိတ်ရဲ့ ပယောဂမကင်းဘူးဆိုတဲ့သဘောပါပဲ။ ဥပမာပြောပါမယ် လူတစ်ယောက်ဟာ ရှေးအနှစ် အစိတ်လောက်တုန်းက သူကလည်း အသက်(၂၀)အစိတ်လောက်၊သူချစ်တဲ့သူ့ရည်းစားနဲ့ သဘောတူ ထွက်ပြေးကြတယ် ဆိုပါတော့။ သူတို့ အသိရှိတဲ့ ကျွန်းထဲက အိမ်တစ်အိမ်မှာ စခန်းချကြပါတယ်။ အဲဒီမှာ အိမ်ခံပုဂ္ဂိုလ်တွေက သူတို့ဇနီးမောင်နှံကို ငါးဟင်းလတ်လတ်ဆတ်ဆတ်၊ ချဉ်ပေါင်ဟင်း၊ ပဲပုပ်ကြော်နဲ့ ထမင်းကျွေးပါတယ်။ သူတို့ အလွန်ချစ်နေကြတုန်း၊ အဲဒီလို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး လက်ဆုံစားရတော့ အင်မတန်ကြည်နူးကြမယ်ပေါ့။
နောက်တစ်ယောက်ကလည်း ဒီလိုပဲ လွန်ခဲ့တဲ့ အနှစ် အစိတ် လောက်တုန်းက သူသားငယ်ကလေး နေမကောင်းနေတုန်းလေတင်က အိမ်နီးချင်းက ပဲပုပ်ကြော်တယ်ဆိုပါတော့။ အဲဒီမှာ သူက သွားပြီး ကျွန်တော့်ကလေး နေမကောင်းနေတာ သိရက်နဲ့ဘာကြောင့် ညှော်ကြော်ရသလဲဆိုပြီး အပြစ်ပြောတယ်၊ ကြော်တဲ့အိမ်ကလည်း ပြန်ပြောကြနဲ့ တစ်စတစ်စ ကြီးကျယ်လာပြီးရန်ဖြစ်ကြတာပေါ့။ အဲဒီမှာ ကြော်တဲ့အိမ်က ယောက်ျားက တုတ်နဲ့ကောက်ရိုက်လိုက်တာ ကလေးအဖေ ခေါင်းပေါက်သွားတယ်၊နောက် ဘေးကဝိုင်းဆွဲကြ ဖျင်ကြနဲ့ပဲ ပြီးသွားတယ်ဆိုပါတော့။
နောက် အခု အနှစ်အစိတ်လောက်ကြာမှ ရည်းစားယောက်ျားနဲ့ ခေါင်းပေါက်တဲ့ ကလေးအဖေတို့နှစ်ယောက် အတူတူညနေစောင်း လမ်းလျှောက်ကြတော့ တစ်ရပ် အရောက်မှာ အိမ်တစ်အိမ်က ပဲပုပ်ကြော်နံ့ထွက်လာပြီး သူတို့ နှစ်ယောက်လုံးပဲပုပ်ကြော်နံ့ရကြတယ် ဆိုပါတော့ ဒီမှာ ဘယ့်နှယ်ဖြစ်မလဲ။ ဒီမှာ ရည်းစားဆရာက အလိုလိုပဲ မျက်စိလေးမှေး လာမယ်ပေါ့၊နှုတ်ခမ်းက ပြုံးစိစိဖြစ်လာမယ်။ ကြည်နူးတဲ့ လက္ခဏာတွေပေါ်မယ်ပေါ့။ ဟို ခေါင်းပေါက်တဲ့ဆရာကတော့ နဖူးရေတွေ တွန့်လာမယ်၊ မျက်လုံးပြူးလာမယ်။ နှုတ်ခမ်းစူလာမယ်ပေါ့။ ဒေါသရဲ့ လက္ခဏာတွေပေါ်မယ်ပေါ့။ ဒါ နှစ်အစိတ်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်က အခု နှစ်အစိတ်ကြာပြီးမှပဲ ပဲပုပ် ကြော်နံ့တစ်မျိုးတည်းမှာ ခံစားမှုတောင်နှင့်မြောက် ဖြစ်စေပုံပဲ။ အဲဒါ ပကတူပနိသျ သဘောပါပဲ။
ဒီမှာ ဓာတ်ပုံနဲ့ ပြောရရင်တော့ ဆိုပါတော့ ဓာတ်ပုံ ဆရာက မီးတွေဖြာနေတဲ့ မီးဖိုပေါ်မှာ ဒယ်အိုးတင်၊ဘေးက ပန်းကန်ပြားတစ်ချပ်တည်းမှာ ပဲပုပ်ပြားအစိမ်းတွေ၊တစ်ဖက် ပန်းကန်ပြားက ကြော်ပြီးသား ပဲပုပ်တွေ၊ ဆီ စီပေါင်းလေးတွေတောင်ရှိတုန်း၊ အဲဒီမှာ မိန်းကလေးက အဝတ်အထည်ကို ဘယ်ဘက်လက်နဲ့ ညှော်မနံအောင် နှာခေါင်းပိတ်ပြီး တစ်ဖက်က လောလောဆယ်ထည့်လိုက်တဲ့ ဒယ်အိုးထဲက အငွေ့တထောင်းထောင်းထနေတဲ့ ပဲပုပ်ယှက်တွေကိုယောက်မနဲ့မွှေနေတဲ့ပုံရိုက်ပြီး ချဲ့ပြီးပွဲမှာပြထားရင်လာကြည့်တဲ့ သာမန်ပရိသတ်ကတော့ ကြည့်ပြီးထမင်းဆာချင် ဆာလာမယ်၊ ပဲပုပ်ကြော် သံပုရာညှစ်ပြီး လဘက်ရည်ကြမ်းနဲ့မြည်းချင်တဲ့ စိတ်ပေါ်ချင် ပေါ်မယ်ပေါ့။ ဒါပေမဲ့ ခုနကပြောခဲ့တဲ့ ရည်းစား ဆရာနဲ့ ကလေးအဖေတို့ကတော့ ခင်ဗျားတို့ရဲ့ ဒီဓာတ်ပုံ တစ်ပုံတည်း ကိုပဲ ကြည့်ပြီးခံစားမှုဟာ တောင်နဲ့မြောက် အရသာပေါ်မှာပဲ။ သူတို့အတွက်တော့ အဲဒီဓာတ်ပုံဟာ အလွန်ရသမြောက်တဲ့ သုခုမလက်ရာဖြစ်မှာပေါ့။ ဒါဟာ ဓာတ်ပုံတစ်ပုံတည်း အရသာခံတဲ့ဘက်က ကွဲပြားနိုင်ပုံကို တင်ပြတာပါ။
အခု နောက်တစ်မျိုးအနေနဲ့ ဓာတ်ပုံဆရာတွေကိုက ဘယ်လိုသရုပ်ဖေါ်ချင်တယ်ဆိုတာမှာ ဆန္ဒချင်းမတူကြတာ တင်ပြပါဦးမယ်။ကျွန်တော်တို့ဟာ အရင်တုန်းက ဓာတ်ပုံသမား လေးငါးယောက်စုစုပြီး ဓာတ်ပုံရိုက် ကားနဲ့ ထွက်ကြတဲ့အခါမှာ ဓာတ်ပုံရိုက်စရာနဲ့တွေရင် တချို့က ရပ်ပါဦးဆိုပြီး ဆင်းရိုက်ကြပါတယ်။ အဲဒီနေရာမှာ တချို့က ဆင်းကိုမဆင်းပါဘူး။ နောက် တစ်နေရာကျတော့ မဆင်းတဲ့လူကဆင်းတယ်၊ အရင်ဆင်းတဲ့လူက ဆင်းမရိုက်ဘူး။ ဒီလိုပဲ ဓာတ်ပုံဆရာချင်းကို သရုပ်ဖော်တာချင်း မတူကြဘူး။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ပြင်သစ်ဓာတ်ပုံဆရာ Cartiere Bresson ရဲ့ ပုံကို သတိရလို့ အဲဒီပုံပဲ မူတည်ပြီးပြောပါမယ်။အဲဒီပုံက ပြင်သစ်မြို့ငယ်တစ်မြို့ရဲ့ အရက်ဆိုင် အပေါက်က အသက် ရှစ်နှစ် ကိုးနှစ်အရွယ် အကောင်လေးတစ်ကောင်ဟာ သူခါးကနေပြီး ခေါင်းလောက်ရောက်တဲ့ ဝိုင်ပုလင်း အကြီးကြီးပိုက်ပြီး ထွက်လာတယ်။ အဲဒီသူထွက်လာတဲ့ အပေါက်ဘေးက သူနဲ့ရွယ်တူ ကောင်မလေးတစ်ယောက် ဆိုင်ဘေးမှီပြီး ရပ်နေတယ်။ အဲဒီကောင်လေးမျက်နှာက ငါဘယ်လောက် ဟုတ်တုန်းဆိုတဲ့မျက်နှာထားနဲ့ ကောင်မလေးကို ပြုံးပြုံးကြီးနဲ့ မျက်ထောင့်ကစောင်းကြည့်ပြီး အလှမ်းကျဲကြီးနဲ့ လှမ်းထွက်သွားတယ်။ကောင်မလေးကလည်း ဟုတ်ပါပေတယ် ဆိုတဲ့ မျက်နှာထားနဲ့ ငေးကြည့်ကျန်ရစ်တယ်။ အဲဒါ Cartiere Bresson ပြချင်တဲ့ပုံဘဲ။
ဥပမာ တစ်မျိုးပြချင်တဲ့ ဓာတ်ပုံဆရာက ဒီပုံမျိုးတွေ့နေရင် ရိုက်မှာမဟုတ်ဘူး။ သူက ဘယ်လိုပုံ ရိုက်ချင်မလဲ ဆိုတော့ အဲဒီပုံအတိုင်း ကောင်ကလေးက အရက်ဆိုင်က ထွက်လာမယ်။ ဆိုင်ရှေ့လမ်းဘေးပေါ်မှာ ဘုန်းကြီးတစ်ပါးက မတ်တပ်ရပ်ပြီး ဒကာမတစ်ယောက်က မြေကြီးပေါ်မှာ ဒူးတုပ်ပြီး လက်အုပ်ချီလျက် အဲဒီကလေး ထွက်လာတာကို ဘုန်းကြီးရော ဒကာမကြီးပါမျက်လုံးပြူးပြူး မျက်မှောင်ကုပ်ကုပ် ပါးစပ် ဟောင်းလောင်း နဲ့ ကြည့်နေမယ်။ ကောင်လေးမျက်နှာကလည်း အရင်ပုံလို မဟုတ်ဘူး။ မကြိုက်မှန်းသိလို့ ကြောက်ကြောက်နဲ့ ငါ့ဟာငါ အရက်ဝယ်တယ် ဘာဖြစ်ရမှာတုံးလို့ ကိုယ့်ကိုယ်ကို အားပေးထားလာရတဲ့ မျက်နှာထားနဲ့ပေါ့။
ဒီပုံနှစ်ပုံချဲ့ပြီး ယှဉ်ပြထားရင် ကျွန်တော်တို့ ကြည့်တဲ့ လူတွေက ဘယ်လိုခံစားမလဲ၊ သဘောပေါက်မလဲ။ Bresson ရဲ့ ပုံကို ကြည့်ရင် သူ့ရည်ရွယ်ချက်အတိုင်း ဒီ ငယ်ရွယ်တဲ့ ကလေးတွေ သူတို့အရွယ်၊ သူတို့ဘဝ၊ သူတို့လောက၊ သူတို့စိတ်၊ သူတို့အသိနယ်ထဲမှာ သူတို့ဟာ သူတို့တော့ အဖေက ယုံယုံကြည်ကြည်နဲ့ ပိုက်ဆံအပ်ပြီး အရက် ဝယ်တောင် ခိုင်းပြီဆိုတော့ တကယ်လူလားမြောက်၊ တကယ်အရေးပါအရာရောက်၊ တကယ့်လူရာဝင်တဲ့ ပုဂ္ဂိုလ် အဖြစ် ရောက်နေပြီဆိုတဲ့ ယုံကြည်ချက်နဲ့ တကယ့်ကိစ္စကြီး တစ်ခု ဆောင်ရွက်နေတယ် လို့ပဲ ယုံကြည်ခံယူနေပုံကို သရုပ်ပေါ် မယ်။ ပြီးတော့ အဲဒီသဘောကို ကောင်မလေး ကလည်း တင်းပြည့်၊ ကျပ်ပြည့် လက်ခံနေတဲ့သဘောကို ကျွန်တော်တို့သိရမယ်။ ဒီတော့ ဒီငယ်ရွယ်တဲ့ ကလေးတွေရဲ့ဘဝ၊ သူတို့ရဲ့လောက၊ သူတို့ရဲ့ စိတ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ဘာမှအရေးမကြီးတဲ့ သဘောမှာ အရေးကြီးနေတာမြင်ရတော့ ကျွန်တော်တို့သူတို့အပေါ် ချစ်ခင်တဲ့သဘော၊ ကြင်နာတဲ့သဘောတွေ ပေါ်ပြီး ပြုံးမိမယ်ပေါ့။
ဟိုဘုန်းကြီးနဲ့ပုံမြင်ပြန်တော့လည်း ဓာတ်ပုံဆရာရဲ့ ရည်ရွယ်ချက်အတိုင်း ကျွန်တော်တို့ဟာ တစ်မျိုး သဘောပေါက်မယ်ပေါ့။ဘုန်းကြီးနဲ့ ဒကာမကြီးတို့ပုံကိုက ဟာ.. ခေတ်ကြီး အတော်ကို ပျက်စီးနေပါပကော၊ ဆုတ်ကပ်ဆိုတာ တယ်ကြောက်စရာကောင်းပါလား၊ ရှေးကဆို ဒီအရွယ်ကလေး အရက်ဆိုတဲ့ အသံမကြားရ လောက်အောင် ထိန်းသိမ်း စောင့်ရှောက်ကြတယ်။ လူကြီးတွေမနေနိုင်လို့ သောက်တောင် ကလေးတွေ ကွယ်ရာမှ သောက်ကြတယ်။ သောက်တာကို ကလေးတွေအသိမခံဘူး။ အခုကြည့်ပါဦးအဖေအမေကိုက ငယ်ရွယ်တဲ့ကလေး အရက်ဝယ်ခိုင်းကုန်ပါပကော စသည့် စိတ်တွေပေါ်နေတဲ့ မျက်နှာတွေပြနေတော့ကျွန်တော်တို့လည်း ဒီစိတ်မျိုးတွေပေါ်မယ်ပေါ့။ ဒီဓာတ်ပုံဆရာက တရားဟောချင်တဲ့ သဘောပါတယ်ပေါ့။ ဒါက ဓာတ်ပုံဆရာတွေ သရုပ်ဖော်ချင်တဲ့ ဆန္ဒချင်းမတူတာကို တင်ပြတာပါ” တဲ့။
ဤကား ဂီတပညာရှင် ဓားတန်းဦးသန့်၏ ဓာတ်ပုံနှင့်ပတ်သက်သည့် အယူအဆများထဲက တစ်ခုဖြစ်ပါသည်။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ဓားတန်းဦးသန့်