မတ်လအတွင်း စစ်ကိုင်းတိုင်းထဲက ပစ်ခတ်မှုတွေကြောင့် လူ တရာကျော် သေဆုံးခဲ့

ဧပြီ ၊ ၁ ၊ ၂၀၂၄
SP (VOM)

ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ၃၁ ရက်အထိ တလတာ ကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာပေါက်ကွဲမှုတွေ ၊ ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးရသူ လူတရာကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မတ်အတွင်းမှာ ထိခိုက် သေဆုံးရမှု တွေ အများဆုံး ဖြစ်စဥ်က ၊ ကနီမြို့နယ် ၊ ပင်လည်ဘူးမြို့နယ်နဲ့ ကလေးမြို့နယ်ဘက်တွေမှာ အဖြစ်များတယ် ၊ နောက်ပြီး ဖမ်းဆီး သတ်ဖြတ်မှုဖြစ်စဥ်က ရွှေဘို ၊ ကန့်ဘလူနဲ့ ကောလင်းဘက်မှာ အဖြစ်များတယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက် ၊ မနက်ပိုင်းက ချောင်းဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ် ၊ မကျီးကန်ကျေးရွာနားမှာ တိုက်ပွဲတွေဖြစ်ပွားပြီး PDF ကင်းသမား သုံးယောက် ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်၊ အဲ့ဒီ သေဆုံးသူတွေကတော့ MSPDF အဖွဲ့က ရဲဘော် ဒန်အိုးခေါ် နေဇော်အောင် ၊ ရဲဘော် ​ဗြေလုံ ခေါ် ဇော်ရတနာပိုင်းထွေး နဲ့ ရဲဘော် ကြွက်ဖြူ ခေါ် တင်မျိုးအောင်ဖြစ်တယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

မတ် ၂ ရက်စပြီး ၂၀ ရက်အထိ စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကံထူးမ နယ်မြေရဲစခန်းတိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းရေး ဖြစ်စဥ်တွေကြောင့် တန့်ဆည်နယ်ထဲမှာ သေဆုံးသူ ၁၆ ယောက်ထက်မနည်းရှိခဲ့ပြီး အဲ့ဒီ သေဆုံးသူတွေဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အပိုင်းပိုင်း ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ပေါ်မှာ မတ် ၂ ရက်ကနေ ၁၂ ရက်အတွင်း ဌာနဆိုင်ရာ ဝန်ထမ်း ၅၉ ယောက် ဖမ်းဆီးခံရပြီး အဲ့ဒီထဲက ဆယ်ယောက်ထက်မနည်း သတ်ဖြတ်ခံရကာ ၊ မြို့ပေါ်တိုက်ပွဲကာလအတွင်း နှစ်ဘက်သေဆုံးမှု လူ ၅၀ ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ တွင်းမကျေးရွာနဲ့ ကလေးခရိုင် ၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး မတ် ၃ ရက် ၊ တနေ့တည်းမှာ အနည်းဆုံး လူငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ အုန်းတောကျေးရွာနားမှာရှိတဲ့ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ဝန်းကျင်မှာ မတ် ၉ ရက် ၊ မနက် ၉ နာရီလောက်ကပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကြောင့် ဝန်ကြီးခရီးစဥ် လမ်းကြောင်းကို လုံခြုံရေးတာဝန်ယူထားပေးရတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက် ထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း ၊ ကလေးခရိိုင် ၊ ကလေးမြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းနယ်တွေမှာ နစက လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြလို့ ဒေသခံ တချို့ ထိမှန်သေဆုံးတဲ့ ဖြစ်စဥ်တွေ အဖြစ်များလာပြီး မတ်လ တလအတွင်း သေဆုံးသူ လူ ၁၈ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

“မတ်လ အလယ်ပိုင်းမှာ လူသေဆုံးရတဲ့ ပေါက်ကွဲမှု ဖြစ်စဥ် နှစ်ခုရှိတယ် ၊ ကလေးမြို့ KBZ ဘဏ်နားက ပေါက်ကွဲမှုနဲ့ ရွှေဘို ကျောက်မြှောင်းကားလမ်း ပေါက်ကွဲမှုဖြစ်တယ် ၊ အဲ့ဒီ ဖြစ်စဥ်မှာ လူငါးယောက်ထက်မနည်းသေတယ် ၊ ကနီ ၊ ကလေး ၊ ပင်လည်ဘူး က နှစ်ဘက်တိုက်ပွဲမှာလည်း ထိခိုက်သေဆုံးတာတွေ များပြားတယ် ၊ ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေဟာ နစက နဲ့ PDF တွေရဲ့ နှစ်ဘက်ထုတ်ပြန်ချက်အရ သိရတာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်စဥ်တွေကြောင့် နှစ်ဘက်သေဆုံးရသူ ၆၀ ကျော်ရှိပြီး ကျန် ၄၀ကျော်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW