မန္တလေး၊ ဧပြီ- ၁၀- ၂၀၂၄
SA(VOM)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်က အိုးဘိုအကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ NLD ပါတီရဲ့ နာယကဖြစ်တဲ့ ဦးဝင်းထိန်ဟာ မနေ့ ဧပြီ ၉ ရက်နေ့ ညနေပိုင်းက အပူရှပ်ခြင်း(Heat exhaustion) ဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ မန္တလေးပြည့်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
NLD ပါတီဝင်တဦးက “အဘဦးဝင်းထိန်ဆေးရုံတက်တာ မှန်ပါတယ်၊ သူနေတဲ့ထောင်တွင်း တိုက်၄ က ပူတယ်၊ အသက်ကြီးတော့ အတော်ခံစားရမယ် ၊ ကျနော်တို့ လူမမာမေးဖို့တော့မလွယ်ဘူး” လို့ အတည်ပြုပြောပါတယ်။
ဦးဝင်းထိန်းဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၂၄ အရ မန္တလေး အိုးဘိုအကျဥ်းထောင်မှာ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတာဖြစ်ပြီး မနေ့ ဧပြီ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က မန္တလေးပြည်သူ့ဆေးရုံကြီးက ဖျားနာဆောင် ၃၊ ၅ ထပ်ဆောင်၊ ၂ လွှာ၊ အခန်းနံပါတ် ၃ မှာ ဆေးကုသမှုခံယူဖို့ ရောက်ရှိနေတာဖြစ်တယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မန္တလေးက အိုးဘိုအကျဥ်းထောင်မှာ ကျမ္မာရေးမကောင်းတဲ့ မန္တလေးတိုင်းဝန်ကြီး ချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးတိုင်း ဝန်ကြီးဟောင်းတချို့ ပြစ်ဒဏ်ကျခံနေရပါတယ်။
လတ်တလော မြန်မာနိုင်ငံတဝှမ်း အပူချိန်တွေမြင့်တက်နေတာကြောင့် အသက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတချို့ သတိလစ် မူးမေ့ပြီးသေဆုံးခဲ့တာတွေလည်းရှိနေပါတယ်။