ဧပြီ ၁၀ – ၂၀၂၄
GG (VOM)
ကရင်ပြည်နယ် မြဝတီမြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကြောင့် မြို့ထဲနေထိုင်သူထဲက ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို စစ်ရှောင်သူအရေအတွက်များလာပြီး BGF တပ်တွေကလည်း မြို့ထဲမှာ နေ့ရောညပါ ကင်;လှည့်ပြီးလုံခြုံရေးရယူနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
မြဝတီမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ မြို့အပြင် ခလရ ၂၇၅ ဘက်မှာ တိုက်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံ၊လေကြောင်းပစ်ခတ်သံ တွေဆက်တိုက်ရှိနေတာကြောင့် မြို့ထဲကို တိုက်ပွဲကူးစက်လာမှာစိုးရိမ်လို့ မြို့ခံအချို့က မဲဆောက်ကို စစ်ဘေးရှောင်သွားရောက်မှုပိုများလာနေတာဖြစ်တယ်လို့သိရပါတယ်။
” မဲဆောက်ကို တော်တော်များများသွားကြတယ်။မဲဆောက်သွားသူတွေကတော့ ငွေကြေးတတ်နိုင်သူတွေသွားကြတယ်။ အလွယ်ကူဆုံးတိမ်းရှောင် နည်းဆိုတော့လေ၊တချို့လည်း အောက် (ရန်ကုန်)လည်းပြန်ဆင်းတာရှိတယ်။ ရန်ကုန်ဆင်းချင်ရင်ထို့ကော်ကိုးလမ်းပဲရှိတယ်။ BGF တွေကတော့ နေ့ရောညရော ပတ်ပေး နေတယ်၊အယောက်၅၀ လောက်ရှိမယ် ” လို့ မြဝတီမြို့ခံတယောက်က လက်ရှိအခြေအနေကို ပြောပြပါတယ်။
လက်ရှိမှာ မြဝတီ မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်၁ ၊ တံတားအမှတ် ၂ ကိုဖွင့်လှစ်ပေးထားတာကြောင့် မြဝတီဒေသခံအများစုဟာ မဲဆောက်ကို သွားရောက်မှုများပြားနေတာဖြစ်ကြောင်း ၊ ရန်ကုန်ကို သွားရောက်နိုင်မယ့် ထို့ကော်ကိုလမ်းပိုင်းကလည်း ဖွင့်လိုက် ပိတ်လိုက်နဲ့မတည်ငြိမ်တဲ့အတွက်အများစုက မဲဆောက်ကိုသွားကြတာဖြစ်တယ်လို့သိရပါတယ်။
ဒါအပြင် မြဝတီမြို့ပြင်တိုက်ပွဲကြောင့် မြို့ထဲက ဘဏ်တွေအားလုံးလည်း မနေ့ကတည်းကနေ ဒီနေ့အထိပိတ်ထားဆဲဖြစ်သလို ဆုံးရှုံးမှုတန်ဖိုးကြီးမားနိုင်တဲ့ ရွှေဆိုင် ၊ ဖုန်းဆိုင်နဲ့ အခြား ကုန်ပစ္စည်းဆိုင်တွေအားလုံး ပိတ်ထားကြတယ်လို့သိရပါတယ်။
အလားတူမြို့ပေါ်မှာလည်း လူသွားလူလား ရှင်းနေပြီး ခြောက်သွေ့ငြိမ်သက်နေကြောင်း၊ မြန်မာဖုန်းလိုင်းနဲ့ အင်တာနက်တွေလည်း နေရာတိုင်းအသုံးပြုမရတဲ့အတွက် ထိုင်းဆင်းကဒ်ကို အသုံးပြုနေရဆဲဖြစ်တယ်လို့သိရပါတယ်။
မြဝတီမှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဧပြီလ ၉ ရက်နေ့မှာပဲ မြဝတီကမြို့ခံပြည်သူအချို့နဲ့ စစ်ဘေးရှောင်သူတွေပေါင်းပြီး “မြဝတီမြို့ကို စစ်မဲ့ဇုန်သတ်မှတ်ပေးရေး ” ဆန္ဒထုတ်ဖော်ပြသပွဲ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် ကရင်ပြည်နယ်ထဲက သံဃာအချို့ကလည်း KNU ၊ KNLA ထံကို ငြိမ်းချမ်းရေးအထူးမေတ္တာရပ်ခံချက် ဆိုပြီးစာတစောင်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
အဆိုပါ မေတ္တာရပ်ခံချက်ထုတ်ပြန်စာမှာ တမျိုးသားလုံး ငြိမ်းချမ်းရေး၊အလုံးစုံ သွေးစည်းညီညွတ်ရေး၊ ထာဝစဉ်အမြဲငြိမ်းချမ်းရေးအတွက် လိုလားနှစ်သက်ကြတဲ့အလျောက် ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် ဘာသာရေး အဆောက်အဦး၊ဆက်သွယ်ရေး လမ်းတံတား၊ပညာသင်ကြားရေး စာသင်ကျောင်း၊ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊စစ်ဘေးရှောင် ပြည်သူတွေရဲ့ ဘဝဘေးဒဏ်တွေ ကင်းဝေးစေနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်းတော်တွေက အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ခြင်းဆိုပြီးရေးသားထားပါတယ်။
KNU ၊ KNLA ၊ PDF ပူးပေါင်းတပ်တွေကတော့ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် အပြီးသတ်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။ မြဝတီမှာ တိုက်ပွဲပြင်းထန်နေမှုနဲ့အတူ ထိုင်းဘက်ကလည်း လုံခြုံရေးကင်းလှည့်ပတ်မှုတွေလုပ်နေတယ်လိုသိရပါတယ်။
Photo Crd:CJ/Ko Chit