နေပြည်တော် အေလာတပ်နယ်နားမှာ တပတ်အတွင်း လေကြောင်းစနစ်နဲ့ နှစ်ကြိမ်တိုက်ခိုက်ခံရ

ဧပြီ ၊ ၁၁ ၊ ၂၀၂၄
SP+KT ( VOM)

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်စလို့ ဒီကနေ့အထိ နေပြည်တော် အေလာ တပ်နယ်နားမှာ တပတ်အတွင်း တိုက်ခိုက်ခံရမှုဖြစ်စဥ် နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက် ၅ နာရီဝန်းကျင်က အေလာတပ်နယ်ဘက်မှာ ရှော့တိုက်ဒုံး လေးငါးလုံးနဲ့ တိုက်ခိုက်ခံရတယ် ၊ ကနဦး ကြားရတာက ရှော့တိုက်ဒုံး ငါးလုံးနဲ့ အနက် မပေါက်ကွဲတဲ့ လေးလုံး သိမ်းဆည်းရမိပြီး ၊ ကျန်တလုံးကတော့ ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲပျက်စီးမှုကြောင့် ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရတယ်၊ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကလည်း ၊ အေလာတပ်နယ်ကို အသေခံဒရုန်း တဒါဇင်မကနဲ့ တိုက်ခိုက်ခံရတယ် ၊ ဒီကနေ့ ဖြစ်စဥ်နဲ့ဆိုရင် အေလာတပ်နယ်ကို တပတ်အတွင်း နှစ်ကြိမ် တိုက်ခိုက်ခံရတာဖြစ်တယ် ” လို့ နေပြည်တော် အသိုင်းအဝိုင်းက ပြောပါတယ်။

နေပြည်တော် လယ်ဝေး ဒေသခံတယောက်က ” ဒီမနက် အစောပိုင်းမှာ ပေါက်ကွဲသံတခု ကြားရတာတော့ ရှိတယ် ၊ ဘာပေါက်ကွဲတာလည်းတော့ မသိရဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီမနက် အေလာ တပ်နယ်ကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ Brave Warriors for Myanmar (BWM) အဖွဲရဲ့ စီမံမှု ဖြင့် MKCDF က ၁၀၇ (မမ) ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက် ခိုက်ခဲ့ပြီး ထိခိုက် သေဆုံး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီ အေလာဖြစ်စဥ်နဲ့ ပတ်သက်ပြီး နစက အဖွဲ့ရဲ့ သတင်းပြန်ကြားရေးအဖွဲ့က အခုထိ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အဲ့ဒီ အပြင် အခုရက်ပိုင်းအတွင်း နေပြည်တော် နယ်မြေတခုလုံး လာမယ့် သင်္ကြန်ပွဲအတွက် လုံခြုံရေးတွေ ထူထပ်စွာချထားတယ်လို့ သိရပါတယ်။

” ပျဥ်းမနား – တောင်ညိုလမ်းမှာ လမ်းလျှောက် သင်္ကြန်ရှိတယ် ၊ အဲ့ဒီပွဲကို ကိုရီးယားနိုင်ငံက K-POP အဆိုရှင်တွေ ပါဝင်မယ်လို့ သိရတယ် ၊ နောက်ပြီး ရုရှားနိုင်ငံ Tavrida-Art က ပင်တိုင်အမျိုးသမီးတေးသံရှင် Nika Dubik ဦးဆောင်ပါဝင်တဲ့ အနုပညာရှင်တွေ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မယ် ၊ အဲ့ဒီအပြင် မြန်မာ – တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးအဖွဲ့ကလည်း ဖျော်ဖြေ ပါဝင်မယ်လို့ သိရတယ် ၊ အဲ့ဒါကြောင့် ဒီရက်ပိုင်း လုံခြုံရေးတွေ ချထားတယ် ” လို့ နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောထားပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW