မန္တလေးမှာ အိုးဝေမောင်းသူကို သတ်ပြီး အိုးဝေလုယူခံရမှုဖြစ်

မန္တလေး၊ ဧပြီ – ၁၁- ၂၀၂၄
SA(VOM)
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး – မတ္တရာကားလမ်းအရှေ့ဘက် အင်ကျယ်ရွာနဲ့ မင်းကန်ရွာကြား အိမ်ရှေ့ မင်းထန်းတောအနီးမှာ မနေ့ ဧပြီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အိုးဝေမောင်းတဲ့သူကို သတ်ပြီး TVS ယာဥ်အမျိုးစား အိုးဝေတစီးလုယူခံရမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အိုးဝေးမောင်းတဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်ဇင်ဝင်း(ခ) ကျော်ကြီးဟာ လည်ပင်းပြတ်ရှဓာဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူထံက သိရပါတယ်။
“နေ့လယ်မှာ အိမ်ပြန်ထမင်းမစားလို့ မိသားစုက ဖုန်းဆက်တဲ့အခါ ဖုန်းမကိုင်ပဲ ချပစ်လို့ ဖုန်းအားကုန်တယ်ထင်ပြီး ဆက်မခေါ်ပဲထားရာက ညနေအထိ အဆက်အသွယ်မရလို့ လိုက်ရှာကြတော့ ညနေပိုင်း သတင်းတွေ့တော့မှာ ရင်ခွဲရုံကို ရောက်နေတာသိရတာပါ”လို့ ကိုကျော်ဇင်ဝင်းရဲ့ မိတ်ဆွေတဦးက လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။
သေဆုံးသူ ကိုကျော်ဇင်ဝင်းရဲ့ ရုပ်အလောင်းကို ဧပြီ ၁၁ ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်း အေးရိပ်ငြိမ် သုဿာန်မှာ မီးသဂြိုလ်သွားမှာဖြစ်တယ်လို့ မိသားစုဆီကနေ သိရပါတယ်။
မန္တလေးမှာ မကြာခနဆိုသလို မော်တော်ဆိုင်ကယ်၊ အိုးဝေ နဲ့ မော်တော်ကား အများစု သတ်ဖြတ် လုယူခြင်းခံနေရပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ရွှေစာရံဘုရားဖူးလိုက်ပို့တဲ့ မီနီအိုးဝေ တစီး ခိုးခံရပြီး ဒီကနေ့အချိန်ထိ ပြန်မတွေ့သေးသလို ရဲရွာဘက်ကို ကားအဌားလိုက်သွားတဲ့ အမျိုးသားတဦး သတ်ဖြတ်ခံရပြီး ကားလုခံရတဲ့ ဖြစ်စဥ်တွေလည်း ဖြစ်ပွားခဲ့ပါေသးတယ်။
ဓာတ်ပုံ – လူမှုကွန်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW