မြဝတီတိုက်ပွဲကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်-၂ ပိတ်ပြီ

မြဝတီ ၊ ဧပြီ ၁၁ – ၂၀၂၄
GG(VOM)

မြဝတီမြို့နယ်၊ ထိုင်းမြန်မာနယ်စပ်က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် -၂ ကို ဒီနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ စတင်ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အမှတ် -၂ချစ်ကြည်ရေးတံတား ကို ခုမနက် ၁၀ နာရီခွဲကျော်လောက်မှာ ပိတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ ကားတွေအပါအဝင်ဘာမှဖြတ်သန်းခွင့်မပေးတော့တာဖြစ်တယ်လို့သိရပါတယ်။

” အမှတ် ၂ တံတားကတော့ပိတ်သွားပြီး၊မနက်အစောပိုင်းဖွင့်ပြီးပိတ်သွားတာ၊ ကုန်စည်ကားကိုအဝင်မခံတော့ပါဘူး။ဘယ်နေ့ပြန်ဖွင့်မလဲ မသိပါဘူး ” လို့ မြဝတီမြို့ခံတယောက် ကပြောပါတယ်။

အမှတ်၂ ချစ်ကြည်ရေးတံတား ပိတ်လိုက်ပေမယ့် အမှတ် ၁ ချစ်ကြည်ရေးတံတားကတော့ ခုချိန်ထိဖွင့်ပေးထားပြီး မဲဆောက်ဘက်ကိုသွားလာသူလည်းအများအပြားရှိနေတယ်လို့သိရပါတယ်။

မြဝတီမြို့မှာ ဧပြီလ ၁၀ ရက်နေ့ညပိုင်းထဲက ခလရ ၂၇၅ ရှိရာ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာရပ်သွားပြီး ခုလက်ရှိ ဧပြီ ၁၁ ရက်နေ့လယ်၁၂ နာရီဝန်းကျင်အထိ ပစ်ခတ်မှုမရှိငြိမ်နေကြောင်း ၊မြဝတီ မြို့ထဲမှာလည်း အစိုးရယန္တရားတွေဖြစ်တဲ့ အစိုးရရုံးတွေလည်း ခုချိန်ထိဖွင့်လှစ်ထားပြီး လုပ်ငန်းလည်ပတ်နေသေးတယ်လို့ သိရပါတယ်။

” ည ၇ နာရီကျော် ၈ နာရီလောက်တည်းက ပစ်ခတ်မှုတွေမကြားရတော့ဘူး။ မနက်ကျ နှစ်ချက်သုံးချက်လောက်ကြားရတယ် ခုလက်ရှိအချိန်ထိတော့ ငြိမ်နေတယ်။ခလရ ၂၇၅ တပ်ဆုတ်သွားတယ် ကျသွားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့တော့ ထင်တယ်။ကျပြီဆိုရင် မြို့ထဲကအစိုးရယန္တရားရပ်သွားမယ်လို့မြင်တယ်။ ဘာလို့ဆိုဒီခလရ၂၇၅က နောက်ဆုံးကျန်တဲ့တပ်ပဲ၊ မြို့စောင့်တပ်ပဲ၊အခုလက်ရှိကမြို့ထဲမှာ ရဲစခန်း၊ရှေ့တန်းရုံး၊ဆေးရုံ၊လဝက လည်ပတ်နေသေးတယ်” လို့ မြဝတီမြို့က စစ်ရှောင်တွေကူညီပေးနေသူမြို့ခံတယောက်ကပြောပါတယ်။

လက်ရှိမြို့ထဲမှာတော့ BGF တွေက ကင်းလှည့်ကာ လုံခြုံရေးရယူပေးမှုတွေ ဆက်ရှိနေပြီး မြို့ထဲ ပရဟိတအသင်းအဖွဲ့တချို့ကတော့ တိုက်ပွဲငြိမ်သက်ချိန်မှာ ခလရ၂၇၅ နဲ့နီးတဲ့ မြဝတီမြို့ မြေနီကုန်းရပ်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို မြဝတီမြို့ထဲက ဘုန်းကြီးကျောင်းဆီကို ရွှေ့ပြောင်းမှုတွေလုပ်ပေးနေပါတယ်။

မြဝတီမြို့ထဲအထိတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်တဲ့ ပြည်သူတွေကတော့ ချစ်ကြည်ရေးတံတား အမှတ် ၁ ကနေ မဲဆောက်ကို သွားရောက်သူပိုများလာနေတယ်လို့သိရပါတယ်။

မြဝတီမြို့ ခလရ ၂၇၅ နဲ့ KNU အကြား ထိတွေ့တိုက်ပွဲကတော့ ဧပြီလ ၉ ရက်နေ့ နေ့လယ်ပိုင်းမှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ဖြစ်ရာအနီးပတ်ဝန်းကျင်ရွာတွေမှာတော့ နေအိမ်မီးလောင်မှုတွေ ဖြစ်ပွားခဲ့သလို စိမ်းလဲ့မြိုင်ကားဝန်းထဲလည်းလက်နက်ကြီးကျလို့ထိခိုက်ပျက်စီးတွေရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ မြဝတီက နောက်ဆုံးကျန်တဲ့ ခလရ၂၇၅ တပ်ကို KNU ဘက်ကထိန်းချုပ်လိုက်တယ်ဆိုပြီး လူမှုကွန်ယက်မှာသတင်းတွေထွက်ပေါ်နေပေမယ့် ဒေသခံတွေဘက်ကလည်း သေချာအတည်ပြုနိုင်ခြင်းမရှိသလို နစကဘက်မှလည်းတစုံတရာထုတ်ပြန်ခြင်းမရှိတဲ့အပြင် KNU ဘက်ကလည်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

မြဝတီမြို့မှာတော့ ဘဏ်တွေ၊ရွှေဆိုင်၊ဖုန်းဆိုင်အပါအဝင် တန်ဖိုးအရင်းအနှီးများတဲ့ ဆိုင်အားလုံး ပိတ်သိမ်းထားကြတယ်လို့သိရပါတယ်။

Photo : Myat Koko Hlaing

Related posts

Leave a Comment

VOM News

FREE
VIEW