ဟားမတ်စ်ခေါင်းဆောင်ရဲ့ သားသုံးယောက် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး

ဂါဇာီစီးတီး၊ ဧပြီ-၁၁-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီရက်စ်ရဲ့သား သုံးယောက်သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့နဲ့ မိသားစုက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အစ္စရေးစစ်တပ်ကလည်း အတည်ပြုထားပြီး ဟားမတ်စ်ခေါင်းဆောင်ရဲ့ သားသုံးယောက်ကို စစ်ဆင်ရေးမှူးတွေ အဖြစ် ဖော်ပြထားပါတယ်။

ဟာဇမ်၊ အာမီယာ၊ မိုဟာမက်တို့ဟာ ဂါဇာကမ်းမြှောင်ဒေသရှိ အယ်လ်ရှာတီစခန်းကို ဗုံးကြဲခံရချိန်မှာ သေဆုံးခဲ့တာလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင်ရဲ့ မိန်းကလေးသုံးယောက်နဲ့ ယောက်ကျားလေးတယောက်အပါအဝင် မြေးလေးယောက်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင်ရဲ့ မြေးလေးယောက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ အချက်အလက်မရှိသေးကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဟားမတ်စ်ခေါင်းဆောင်ရဲ့ မိသားစုနေအိမ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဖျက်ဆီးခံခဲ့ရပါတယ်။ သားတွေရဲ့သွေးဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ အသက်သွေးထက် ပိုမြတ်နိုးစရာမဟုတ်ကြောင်း အသက် ၆၁ နှစ်အရွယ် ဟားမတ်စ်ခေါင်းဆောင် ဟာနီရက်စ်က ပြောဆိုထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

Ref: BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW