နစကရဲ့ လွတ်ငြိမ်းထဲ နိုင်ငံရေးဖြစ်စဥ်ကြောင့် ဖမ်းဆီးခံထားရသူတွေ ပါဝင်နိုင်ခြေ နည်းပါး

ဧပြီ ၁၇ – ၂၀၂၄
KT + SN (VOM)
နစကရဲ့ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ထဲမှာ နိုင်ငံရေးဖြစ်စဥ်ကြောင့် ဖမ်းဆီးခံထားရသူတွေ ပါဝင်နိုင်ခြေ နည်းပါးနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီ ၁၇ ရက် (နှစ်ဆန်း ၁ ရက်နေ့) လွတ်ငြိမ်းခွင့် ၆ပုံတပုံ လျှော့ရက်ခံစားခွင့်ပေးတာမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းအက်ဥပဒေအရ အဖမ်းခံထားရသူတွေ၊ နိုင်ငံရေးပုဒ်မဖြစ်တဲ့ မတရားအသင်းနဲ့ ဆက်သွယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ ၁၈၇၈ ခုနှစ်လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) အရ ဖမ်းဆီးခံထားရသူတွေ မပါဘူးလို့ နစကရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီ့လိုပဲ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုတွေ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရပြစ်မှုတွေ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်အရ ပြစ်မှုတွေ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုတွေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုတွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေလည်း လွတ်ငြိမ်းသက်သာခွင့်ေပးတဲ့ထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က
“မတရားအသင်း၊ ပေါက်ကွဲစေတတ်တဲ့ ဥပဒေတို့ ဆိုတာမှာ ၅၀၅ တွေတော့ မပါလောက်ပါဘူး။ ၅၀၅ တွေကတော့ ပြန်လွတ်နိုင်ခြေ ရှိပါတယ်။ ၅၀၅ တွေလည်း အရေးယူထားတာရှိတယ်လေ။ ဥပမာအားဖြင့် လူမှုကွန်ယက်ပေါ်မှာ စကားပြောတာတို့၊ လှုံ့ဆော်တာတို့၊ ထောက်ပို့လုပ်တာတို့ဆိုတဲ့လူတွေ ပြန်လွတ်ကောင်းလွတ်မယ်ပေါ့။ ဒီထဲမှာ တိုင်းပြည်အတွက် အန္တရာယ်ရှိစေနိုင်တဲ့သူတွေ ဆိုရင်တော့ သက်ဆိုင်ရာအစိုးရရဲ့ ပေါ်လစီတွေပဲပေါ့။ ကိုယ့်အတွက် အန္တရာယ်ရှိစေနိုင်မယ့် သူတွေဆိုရင်တော့ ဆက်လက်ပြီးတော့ ထိန်းသိမ်းထားမှာပေါ့။ ကျန်တာကတော့ အန္တရာယ်မရှိတဲ့သူဆိုရင်တော့ ပညာပေးလို့ ရတယ်ဆိုရင် ပညာပေးပြီးတော့မှ ပြန်လွှတ်မယ့်သဘောတော့ ရှိပါတယ်” လို့ ပြောပါတယ်။
နစကရဲ့ ဒီကနေ့ လွတ်ငြိမ်းခွင့်မှာ တည်ဆဲဥပဒေတရပ်ရပ်အရ ပြစ်မှုတခုခုနဲ့ စပ်လျဥ်းပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံရကာ အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသား၊ အကျဉ်းသူတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ၎င်းတို့ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ ပါရှိပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ချိန်ကစလို့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း နှစ်သောင်းခြောက်ထောင် ငါးရာနှစ်ဆယ့်လေးယောက် ရှိပြီး အဲဒီအထဲက နှစ်သောင်းသုံးရာ ငါးဆယ့်တယောက်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက်က အယောက် ရှစ်ထောင့်ကိုးရာ လေးဆယ်မှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
နစက တက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ်
၁၂.၂.၂၀၂၁ (ပြည်ထောင်စုနေ့)မှာ နိူင်ငံခြားသား ၅၅ ဦးပြည်တွင်းအကျဥ်းသား/သူ ၂၃၃၁၄ စုစုပေါင်း ၂၃၃၆၉ ဦး ကို လွတ်ပေးခဲ့ပါတယ်။
ဒုတိယအနေနဲ့ ၁၇.၄.၂၀၂၁ မြန်မာနှစ်သစ်ကူးနေ့မှာ နိူင်ငံခြားသား ၁၃၇ဦး ပြည်တွင်းအကျဥ်းသား/သူ ၂၃၀၄၇ ဦး စုစုပေါင်း ၂၃၁၈၄ ဦးလွတ်ပေးခဲ့ပါတယ်။
တတိယအကြိမ်အဖြစ် ၁၈.၁၀.၂၀၂၁ (သီတင်းကျွတ်အခါသမယ) အနေနဲ့ အကျဥ်း
သား/သူ ၅၆၇၀ ဦး ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်ပေးပါတယ်။
၂.၃.၂၀၂၂မှာ သီးသန်ံ့လွတ်ငြိမ်းခွင့်နဲ့ နိူင်ငံခြားသား ၁ ဦး ပြည်တွင်းအကျဥ်းသား/သူ ၆ စုစုပေါင်း ၇ ဦးကို လွတ်ပေးခဲ့ပါသေးတယ်။
၁၇.၄.၂၀၂၂ မြန်မာနှစ်သစ်ကူးနေ့မှာေတာ့ နိူင်ငံခြား ၄၂ ဦး ပြည်တွင်းအကျဥ်းသား/သူ ၁၅၇၇ ဦး စုစုပေါင်း ၁၆၁၉ ဦးလွတ်ခဲ့ပါတယ်။
၂၀.၁၀.၂၀၂၂ သီးသန့်လွှတ်တဲ့ အစီအစဥ်အရ ပြည်တွင်းအကျဥ်းသား/သူ ၆ ဦး လွှတ်ပေးခဲ့ပါတယ်။
၁၇.၁၁.၂၀၂၂ အမျိုးသားနေ့မှာတော့ နိူင်ငံခြားသား ၄ ဦး၊ပြည်တွင်းအကျဥ်းသား/သူ ၅၇၇၀ ဦး စုစုပေါင်း ၅၇၇၄ဦး လွတ်ခဲ့ပါတယ်။
၄.၁.၂၀၂၃ လွတ်လပ်ရေးနေ့ကေတာ့ အကျဥ်းသား/သူ ၇၀၁၂ ဦး လွှတ်ပေးခဲ့ပါသေးတယ်။
၁၇.၄.၂၀၂၃ မြန်မာနှစ်ဆန်းတရက်နေ့က နိူင်ငံခြား ၉၈ ဦးပြည်တွင်းအကျဥ်းသား/သူ ၂၉၁၇ ဦး စုစုပေါင်း ၃၀၁၅ ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါတယ်။
၃.၅.၂၀၂၃ ကဆုန်လပြည့်နေ့ကေတာ့ ပြည်တွင်းအကျဥ်းသား/သူ ၂၁၅၃ ဦးလွှတ်ခဲ့ပါသေးတယ်။
၁.၈.၂၀၂၃ ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နိူင်ငံခြားသား ၁၂၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် TNLA/MNDAA/AA၊SSPP ၂၂ ဦး ပြည်တွင်းအကျဥ်းသား/သူ ၇၆၀၂ဦး လွှတ်ပေးခဲ့တာကို
၄.၁.၂၀၂၄ လွတ်လပ်ရေးနေ့က ၉၆၅၂ ဦး လွတ်ပေးခဲ့တာကို VOM ရဲ့ မှတ်တမ်းတွေအရ ေတွ့ရပါတယ်။
မှတ်တမ်းတွေအရ နစကတက်ပြီးနောက် လွတ်ငြိမ်းသက်သာခွင့် ၁၃ ကြိမ်ပေးတာမှာ အကျဥ်းသားစုစုပေါင်း ကိုးသောင်းသုံးေထာင်နီးပါးရှိတာကို တွေ့ရှိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW