ကိုလံဘို၊ ဧပြီ-၂၂-၂၀၂၄
မျိုးဆက်(VOM)
သီရိလင်္ကာနိုင်ငံ ကားမောင်းပြိုင်ပွဲတခုမှာ ကားတစီးလမ်းချော်မှုကြောင့် လူခုနှစ်ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဧပြီ ၂၁ ရက်က ဒိုင်ယာတာလာဝါမြို့မှပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲအတွင်း ဒီမတော်တဆမှုကြောင့် လူ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲကို သီရိလင်္ကာစစ်တပ်က စီစဉ်ကျင်းပတာဖြစ်ပြီး ၂၈ ကြိမ်မြောက်ဖြစ်ပါတယ်။
အခင်းဖြစ်တဲ့အချိန်မှာ ပရိတ်သတ် တသိန်းကျော် ရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တယောက်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူလေးယောက်နဲ့ ပရိတ်သတ်တွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သူတို့ထဲက နှစ်ယောက်ဟာ ဒဏ်ရာတွေနဲ့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲက အချို့ဟာ ဒဏ်ရာပြင်းထန်တယ်လို့ သီရိလင်္ကာ စစ်တပ်က ပြောပါတယ်။
မတော်တဆမှုဖြစ်ပွားပြီးနောက်မှာ ပွဲကိုရပ်နားခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
Ref:BBC
Photo:Sri Lanka Military Academy
သီရိလင်္ကာစစ်တပ်က ပြုလုပ်တဲ့ ကားမောင်းပြိုင်ပွဲ ပြေးလမ်းချော်ဝင်တိုက်မှုကြောင့် လူခုနှစ်ယောက်သေဆုံး
