ပြည်ပသွားမယ့်သူတွေအတွက် အ‌သေးသုံး နိုင်ငံခြားငွေ ဒေါ်လာ ၁၀၀၀ ရောင်းပေးမှသာ အဆင်ပြေနိုင်



ဧပြီ ၂၇ – ၂၀၂၄
SN (VOM)

ပြည်ပသွားမယ့်သူတွေအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အ‌သေးသုံး နိုင်ငံခြားငွေ ရောင်းချပေးတာမှာ ဒေါ်လာ ၁၀၀၀ လောက် ရောင်းပေးမှသာ အဆင်ပြေနိုင်မယ်လို့ ပြည်ပထွက်ခွာမယ့်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ အနေနဲ့ ပြည်ပကိုထွက်ခွာရာမှာ အသေးသုံးနိုင်ငံခြားငွေ ‌ငွေသား ဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ဖို့နဲ့ တရားမဝင် ငွေလဲလှယ်သူတွေ ဈေးကစားခြင်းကို ထိန်းသိမ်းနိုင်ဖို့အတွက် ဗဟိုဘဏ်က အ‌သေးသုံး နိုင်ငံခြားငွေကို တဦးကို အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ဝန်းကျင် (အဲ့ဒီ့ပမာဏနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေသား) ရောင်းချပေးနေတာ ဖြစ်ပါတယ်။

“အလကား ဘာလုပ်မှာလဲ။ ၃၀၀ ၊ ၅၀၀ နဲ့ ဘာမှ လုပ်မရဘူး။ ဟိုဘက်နိုင်ငံ ရောက်ရင် Show Money ၁၀၀၀ ပြရမှာ။ အနည်းဆုံး ၁၀၀၀ လောက်ပါမှ ထွက်လို့ရမှာ” လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။

နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေရဲ့ Money Changer ကောင်တာတွေမှာ ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားတဲ့ ငွေကြေးအမျိုးအစား ခုနစ်မျိုးဖြစ်တဲ့ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နဲ့ ဂျပန်ယန်းတို့ကို ပုံမှန် ရောင်းဝယ်လျက်ရှိတယ်လို့ သိရပါတယ်။

ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူ၊ ဆေးကုသဖို့ သွားရောက်မယ့်သူနဲ့ ပညာသင်သွားရောက်မယ့် သူတွေကို ၂၀၂၃ ခုနှစ်၊ မေ ၃၁ ရက်မှစတင်ပြီး ရောင်းချပေးနေသလို ဘုရားဖူးထွက်ခွာသူတွေ၊ ပြည်ပနိုင်ငံအစိုးရနဲ့ အသင်းအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ဖို့ ထွက်ခွာသူတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၈ ရက်မှစတင်ကာ နိုင်ငံခြားငွေတွေ ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။

ပြည်ပထွက်ခွာမယ့်သူတွေ အနေနဲ့ လိုအပ်တဲ့ ငွေသားအမျိုးအစားကို CB Bank PCL ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ AYA Bank PCL၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်နဲ့ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှာ ဝယ်ယူရရှိနိုင်ပြီး အသေးစိတ် အချက်အလက်တွေကို ဘဏ်တွေရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ကြေညာထားတယ်လို့ သိရပါတယ်။

“သူတို့ ရောင်းပေးသလောက်က ဘာမှ မဖြစ်ထွန်းဘူး။ ပြီးတော့ အပြင်မှာ သူတို့ပြောသလောက်လည်း မလွယ်ကူဘူး။ သူတို့ဆီမှာ နေ့တိုင်းလည်း လဲမပေးနိုင်ဘူး။ ဝယ်လို့ရတယ်ဆိုတာက အပြင်မှာကို ပြောတာ။ သူတို့ သတ်မှတ်ထားတဲ့ ဆိုင်မှာက နေ့တိုင်းလည်း ရောင်းမပေးဘူး။ ရောင်းပေးရင်လည်း အထောက်အထား၊ စာရွက်စာတမ်းပါမှ ဝယ်လို့ရတာ။ ပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ ၃၀၀ ၊ ၅၀၀ ဆိုတာလည်း တကယ်တမ်း သွားဝယ်ကြည့်၊ မရပါဘူး။ ၁၀၀ ရအောင်တောင် မနည်း ဝယ်ရတာ။ ပြီးတော့ ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့လည်း ရောင်းပေးတာ မဟုတ်ဘူး” လို့ စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူ၊ ဆေးကုသမယ့်သူ၊ ပညာတော်သင်သွားရောက်မယ့်သူ၊ ဘုရားဖူးထွက်ခွာသူနဲ့ ပြည်ပနိုင်ငံအစိုးရနဲ့ အသင်းအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ဖို့ ထွက်ခွာသူတွေရဲ့ အသေးသုံးငွေတွေအတွက် ငွေသားစီးဆင်းမှုကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ဖို့ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်တို့နဲ့ ပူးပေါင်းပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့တောင်ကြီးမြို့တို့ရှိ ဘဏ်ခွဲတွေမှာ အထူးအစီအစဉ်နဲ့ နိုင်ငံခြား‌ငွေတွေ ရောင်းချပေးလျက်ရှိတယ်လို့ အသိပေးထားပါတယ်။

အဲဒီ ဘဏ်ခွဲတွေကတော့ ကမ္ဘောဇဘဏ်အနေနဲ့ ရန်ကုန်မြို့မှာ (၉) မိုင်ဘဏ်ခွဲ၊ ဦးဝိစာရလမ်း (၂) ဘဏ်ခွဲ၊ ရန်ကုန်လေဆိပ် (ဆိုက်ရောက်)၊ မန္တလေးမြို့မှာ IBD ဘဏ်ခွဲ၊ (၂၂) ဘဏ်ခွဲ၊ (၄) ဘဏ်ခွဲ၊ နေပြည်တော်မှာ ဘဏ်ခွဲ (၅)၊ တောင်ကြီးမြို့မှာ ဘဏ်ခွဲ (၁) တို့ဖြစ်တယ်လို့ သိရပါတယ်။

AYA Bank PCL အနေနဲ့ ရန်ကုန်မြို့မှာ ရန်ကုန်လေဆိပ်၊ ပါရမီဘဏ်ခွဲ၊ အလုံဘဏ်ခွဲ၊ ကျောက်တံတားဘဏ်ခွဲ၊ မရမ်းကုန်းဘဏ်ခွဲ၊ မန္တလေးမြို့မှာ လမ်း (၃၀) ဘဏ်ခွဲ၊ (၂၂) ဘဏ်ခွဲ၊ နေပြည်တော်မှာ နေပြည်တော်ဘဏ်ခွဲတို့ ဖြစ်တယ်လို့ သိရပါတယ်။

UAB ဘဏ်အနေနဲ့ ရန်ကုန်မြို့မှာ စမ်းချောင်းဘဏ်ခွဲ၊ ရန်ကုန်လေဆိပ်၊ ရွှေဂုံတိုင်ဘဏ်ခွဲ၊ သိမ်ဖြူဘဏ်ခွဲ၊ မန္တလေးမြို့မှာ (၈၄) လမ်းဘဏ်ခွဲ၊ ဆိုင်းတန်းဘဏ်ခွဲ၊ ဒိုင်းမွန်းဘဏ်ခွဲ၊ နေပြည်တော်မှာ နေပြည်တော် ဘဏ်ခွဲတို့ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW