“စောင့်ပက်”နဲ့”စကားလေးတစ်ခွန်းပဲဖြေပါချစ်လား”သီချင်း သီဆိုသူနဲ့ သရုပ်ဆောင်တွေ ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခံရ



ရန်ကုန် ၊ ဧပြီ ၄ – ၂၀၂၄
GG(VOM)

” စောင့်ပက် ” သီချင်းနဲ့ ” စကားလေးတစ်ခွန်းပဲဖြေ ချစ်လား “သီချင်း သီဆိုသူတွေနဲ့ပါဝင်သရုပ်ဆောင်သူတွေကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

စောင့်ပက် ” သီချင်းကို ညောင်တုန်းဌေးဝင်း ဆိုသူက ရေးသားပြီး ဆံပင်သင်တန်းကျောင်းဖွင့်လှစ်ထားတဲ့ ချန်းလုံ က သီဆိုထားပြီးကိုယ်တိုင်သရုပ်ဆောင်ထားတာဖြစ်သလို
“စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” ဆိုတာကိုတော့ အဆိုတော် ဘရောင်း က ဖန်တီးကာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာဖြစ်တယ်လို့သိရပါတယ်။

” ပထမတခါက ဘီယာဗိုက်အရေးယူတယ်၊အခု နောက်ထပ်နှစ်ခုထပ်အရေးယူတာပေါ့။ ချန်လုံးဆိုထားတဲ့ “စောင့်ပက် “သီချင်းကတော့ စာသားတွေတော်တော်ကိုဆိုးနဲ့အခြေအနေရှိတယ်၊သီချင်းစထွက်လာကတည်းကလူတိုင်းကလည်း ပြောကြတယ်၊ အမှန်ဆိုသီချင်းစထွက်ကတည်းကအရေးယူသင့်တာ၊အခုကနောက်တောင်ကျတယ်ပြောရမယ်။ ဘီယာဗိုက်သီချင်းနဲ့ပတ်သက်လို့အရေးယူထားတယ်ဆိုတာပဲသိတယ်၊နောက်ဆက်တွဲကရဲစခန်းဘက်မေးမှရမယ် ” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်တဦးကမှတ်ချက်ပြုပါတယ်။

အဆိုပါတေး သီချင်းနှစ်ပုဒ်ဟာ မြန်မာ့ ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ်ဖြစ်တဲ့ သင်္ကြန်သီချင်းကို ရုန့်ရင်းကြမ်းတမ်းသော သီချင်းစာသားနဲ့ ဖန်တီး ခြင်း၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့တဲ့ ဝတ်စားဆင် ယင်မှုနဲ့ အရှက်သိက္ခာ ကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တာကြောင့် အမှုဖွင့်အရေးယူလိုက်တာဖြစ်တယ်လို့ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်မှုအရ သိရပါတယ်။

ဧပြီလ ၃ ရက်နေ့ ကလည်း အဆိုတော်မေသူသီဆိုထားတဲ့ ” ဘီယာဗိုက် ” သီချင်းကို ဆက်သွယ်ရေးပုဒ်မနဲ့ အမှုအဖွင့်အရေးယူခဲ့တာကြောင့်ခုဆိုရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ကနဲ့အရေးယူခံရတဲ့ တေးသီချင်းသုံးပုဒ်အထိရှိလာနေပြီဖြစ်ပါတယ်။

အဆိုပါတေး သီချင်းတွေနဲ့ ပါဝင်ပတ်သက်သူအားလုံးကိုအရေးယူထားမှုနဲ့ပတ်သက်လို့ ဗဟန်းရဲစခန်းကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေနှင့်အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးထုတ်လွှင့်ပြသမှုကို ကြီးကြပ် ဆောင်ရွက်နေရာ လက်ရှိကာလမှာ အချို့ တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူတွေဟာ ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုတွေ ကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြတဲ့အတွက် သက်ဆိုင်ရာ အစည်းအရုံးအနေနဲ့ ထိန်းကျောင်းကြပ်မတ်ပေးပါဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို ဇန်နဝါရီလတုန်းက သတိပေး တားမြစ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

ဒါအပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချနေတဲ့ ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား ဒါမှမဟုတ် ပညာပေးကားကိုလည်း မတ်လ ၁၃ ရက်မှာ အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး ကြီးကြပ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

တေးသီချင်းဗီဒီယိုကို နည်းလမ်းမျိုးစုံအသုံးပြုပြီး ရိုက်ကူးထုတ်လွှင့်ပြသသူတွေအနေနဲ့ နိုင်ငံရေး၊ ဘာသာရေး၊တိုင်းရင်းသားချစ်ကြည်ရေး၊အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး၊ ကာမရာဂလှုံ့ဆော်မှု ဆင်ဆာမူဝါတွေ ပါဝင်မှုမရှိစေဖို့ လိုအပ်ကြောင်းလည်း သတိပေးထား ပါတယ်။

အကယ်၍ အဆိုပါ ဆင်ဆာမူဝါဒ ကို လိုက်နာခြင်းမရှိဘဲ ရိုက်ကူးထုတ်လဒါင့်ပြသမယ်ဆိုရင် ဆောင်ရွက် ပါက ရိုက်ကူးသူ ဒါရိုက်တာအပါအဝင် ပါဝင်သရုပ်ဆောင်သူ၊ ထုတ်လွှင့်ပြသသူ အားလုံးကို တည်ဆဲဥပဒေများနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်ကြားဝန်ကြီးဌာနကသတိပေး သတိပေးပြီးနောက် ခုလိုအရေးယူခံရတာဖြစ်ပါတယ်။

ဒါအပြင် တေးသီချင်းဗီဒီယို ​ေတွ ကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့် ပြသမှု ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ဆီ တင်ပြပြီး စစ်ဆေးခွင့်ပြုချက် ရယူဆောင်ရွက်သွားရမယ်လို့ အသိပေးထားတယ်လို့ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW