မရမ်းကုန်းက အိမ်ခြေ ၆၀၀ ဝန်းကျင် တလအတွင်းဖယ်ရှားပေးရတော့မည်



ဧပြီ ၂၈ – ၂၀၂၄
SN (VOM)

စည်ပင်မြေလို့ဆိုကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ အိမ်ခြေ ၆၀၀ နီးပါးကို တလအတွင်း ဖယ်ရှားပေးဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စာပို့လာတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းနဲ့ မင်းဓမ္မလမ်းကြားရှိ အိမ်ခြေ ၆၀၀ နီးပါးကို တလအတွင်း ဖယ်ရှားပေးဖို့ ဧပြီ ၂၆ ရက်နေ့က စာပို့လာတာဖြစ်တယ်လို့ သိရပါတယ်။

“စာလာပို့တာတော့ ဧပြီ ၂၆ ရက်နေ့၊ မနက်ကပါ။ ကျူးကျော်ဖျက်ဖို့ အကြောင်းကြားစာလိုမျိုး လာပို့သွားတာ။ ဒီနေရာမှာ နေတဲ့သူတွေ၊ အိမ်တွေက နှစ်ပေါင်း ၃၀/၄၀ မကတော့ဘူး။ ကျွန်တော်တို့ဆိုလည်း နေလာတာ နှစ်ပေါင်း မနည်းတော့ဘူး။ နှစ် ၂၅၊ ၃၀ နီးပါးရှိပြီ။ အခုမှ စည်ပင်မြေဆိုပြီး ဖြစ်သွားတာ” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။

အဲ့ဒီ့ အိမ်ခြေ ၆၀၀ နီးပါးကို လာမယ့် မေလ ၂၅ ရက်နေ့ နောက်ဆုံးထား ဖယ်ပေးရမှာဖြစ်တယ်လို့ သိရပြီး မဖယ်ပေးရင်တော့ စည်ပင်ဥပဒေအရ အင်အားသုံး ဖယ်ရှားသွားမှာ ဖြစ်တဲ့အကြောင်း သတိပေးသွားတယ်လို့ သိရပါတယ်။

“ဒီမှာ အခြေချ နေလာတာပဲ နှစ်မနည်းတော့ဘူး။ အခုတော့ စည်ပင်မြေတဲ့။ ယုံတောင်မယုံနိုင်ဘူး။ ဒီခေတ် ဒီအခါကြီးမှာ စားဖို့တောင် မနည်းရှာဖွေ ရုန်းကန်နေရတာ။ တလအတွင်း တနေရာ ပြောင်းနေဖို့ ဆိုတာက ဘယ်လိုမှ မလွယ်ဘူး။ ဘာမှလည်း ပြင်ဆင်ချိန်မရဘူးလေ။ အိုးပိုင်အိမ်ပိုင်နဲ့ နေရတဲ့ ဘဝကနေ ကိုယ့်အိမ်ကို ကိုယ်တိုင်ဖျက်ပြီး အိမ်ငှားနေရတော့မယ့်ဘဝ။ တလအတွင်း အိမ်ရှာဖို့ ဆိုတာကလည်း စဉ်းစားသာကြည့်ပါတော့။ အိပ်မက် မက်နေရသလိုပဲ။ အိမ်ပိုင်ဘဝကနေ တလအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ရတော့မယ်” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ကျူးကျော်လို့ အမည်တပ်ပြီး ဒေသခံတွေကို နေအိမ်တွေကနေ ဖယ်ရှားခိုင်းတာတွေကို နစက က မကြာခဏဆိုသလို ပြုလုပ်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း အဲ့ဒီ့ရပ်ကွက်အတွင်း မျက်နှာချင်းဆိုင်လမ်း၊ ၃ ရပ်ကွက်၊ ကံသာဇေယျုံ ဘုန်းကြီးကျောင်းလမ်း၊ မင်းဓမ္မလမ်း (ထူးမင်းဓမ္မကွန်ဒိုအနီး) နေအိမ်တွေကိုလည်း စည်ပင်မြေလို့ဆိုကာ နစက က အင်အားသုံး ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခု ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်ကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် လေတပ်ဆွယ် (မှော်ဘီ) အနီးက အိမ်ခြေ ၁၀၀ ကျော်ကိုလည်း တပ်ပိုင်မြေမှာ ပါဝင်နေတာကြောင့် ဆိုပြီး နစက က အင်အားသုံး ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW