မူဆယ်က ဂိမ်းဆိုင် တဆိုင်မှာ ဗုံးပစ်ထည့်ခံရလို့ လူသုံးယောက် ထိခိုက်ဒဏ်ရာရ



ဧပြီ ၂၈၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မန့်ဝိန်း ၁ လမ်းနားက ဂိမ်းဆိုင် တဆိုင်မှာ ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ည ၁၀ နာရီ ကျော်ခန့်က ဗုံးပစ်ထည့်ခံရပြီး ဆိုင်ထဲက လူ သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဗုံးပေါက်ကွဲတာ ဟုတ်တယ်။ မန့်ဝိန်း ၁ လမ်းမှာ။ အပြင်ကနေ ပစ်ထည့်တာ။ အခွန်မဆောင်လို့ ပေါ့။ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ထိသွားတယ်။ နည်းနည်းပေါ့။ အရမ်းကြီး မစိုးရိမ်ရပါဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ဗုံးသံ နှစ်ချက် လောက်ကြားရပြီး လက်နက်သေးသံတွေလည်း ခြောက်ချက်လောက် ကြားရတယ်။ ကားတွေလည်း မြန်မြန် မောင်းနေသံ ကြားရတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

“မူဆယ်မှာက မူးယစ်ဆေးဝါး၊ လောင်းကစား တွေ ကြိုက်သလောက်သုံး၊ ကြိုက်သလောက်လုပ်ဆိုတော့ ဒါ တွေမှာ ထိန်းချုပ် နှိမ်နင်း နိုင်တာ မရှိရင် ဖြစ်နေအုံးမှာပဲ။” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

မူဆယ်မှာရှိတဲ့ လုပ်ငန်း အကြီး၊ အသေး အားလုံးရဲ့ လုပ်ငန်းရှင်တွေဟာ အစိုးရ အခွန်၊ စည်ပင် အခွန် အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ TNLA, KIA, SSPP/SSA တွေကိုပါ ဆက်ကြေးပေးကြရတာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ ပစ်ခတ်သံကြားရင် တိုက်ပွဲ ဖြစ်လာမှာ တခုထဲကိုစိုးရိမ်ရပေမယ့် အခုလက်ရှိ မူဆယ်မှာတော့ ပစ်ခတ်သံကြားရင် ပြန်ပေးဆွဲလား၊ ဓားပြလား ဆိုတာကိုပါ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။

မူဆယ်မှာတော့ အခု ၂၀၂၄ မှာ ပြန်ပေးဆွဲ၊ ဓားပြ တိုက်မှု အခြေအနေ ပိုမိုဆိုးရွားလာပြီး ဒေသခံ လုပ်ငန်းရှင်တွေ အားလုံးနီးပါး ပြန်ပေးဆွဲ ခြိမ်းခြောက် ငွေညှစ် ခံနေကြရတဲ့ အပြင် အသက်အန္တရာယ်ပါ စိုးရျမ်လာကြရတာကြောင့် ဆိုင်တွေပိတ်သိမ်းပြီး ဘေးလွတ်ရာ ရှောင်တိမ်း နေကြရပါတယ်။

Photo Crd# SSZ

Related posts

Leave a Comment

VOM News

FREE
VIEW