ရွှေဘို – ဆိပ်ခွန် ကားလမ်း မင်းကုန်းတံတား PDF ဂိတ် တိုက်ခိုက်ခံရလို့ နှစ်ဦးသေဆုံး

ဧပြီ ၊ ၂၈ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်ရဲ့ အနောက်တောင်ဘက် မင်းကုန်းကျေးရွာနားမှာရှိတဲ့ ရွှေဘို – ဆိပ်ခွန်ကားလမ်းမှာ မနေ့ ဧပြီ ၂၇ ရက် ၊ နေ့လယ်ပိုင်းက နစကတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မင်းကုန်းတံတားမှာ တိုက်ပွဲဖြစ်တာပါ ၊ အဲ့ဒီ နေရာမှာက PDF တွေဂိတ်ရှိတယ် ၊ နာရီဝက်လောက် ပစ်ခတ်သံတွေကြားရပြီးနောက် အမျိုးသား အလောင်း နှစ်လောင်းတွေ့ရတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
မုံရွာ – ဖားကန့် – မြစ်ကြီးနားကို ကုန်စည်ပြေးဆွဲနေတဲ့ ကားသမားတယောက်က ” တိုက်ပွဲဖြစ်တဲ့ မင်းကုန်းတံတားဂိတ်မှာ စက်သုံးဆီ တပေပါ တသိန်း ၊ ကြက်သွန်နီ တအိတ်ကို တထောင့်နှစ်ရာ့နူန်း ပေးဆောင်ရတဲ့ဂိတ် ” လို့ ပြောပါတယ်။
ရွှေဘိုမြို့ခံ တယောက်က ” ရွှေဘိုမြို့နယ်ရဲ့ အနောက်ဘက်ပိုင်း ရွှေဘိုနဲ့ ဆိပ်ခွန်ကြားမှာ သင်္ကြန်ပြီး နောက်ပိုင်းကစလို့ စစ်ကြောင်းထိုးနေတယ် ၊ ချီပါ ၊ မဲတော ၊ ပလိုင်း စတဲ့ရွာဘက်တွေမှာ ဖြစ်တယ် ၊ ထိခိုက်ပျက်စီးမှုတွေရှိသလို ၊ သေဆုံးသူတွေလည်းရှိတယ်လို့ ကြားရတယ် ၊ အရေအတွက်တော့ မသိရဘူး ” လို့ ပြောပါတယ်။
ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မင်းကုန်းတံတားနားမှာ PDF ဂိတ်တွေရှိတယ်လို့ ကြားရတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်တယ် ၊ အဲ့ဒီမှာ တိုက်ပွဲဖြစ်ပြီး အမျိုးသား အလောင်း နှစ်လောင်း ၊ မောင်းပြန်ရိုင်ဖယ် သေနတ် နှစ်လက် ၊ စနိုက်ပါ သေနတ်တလက် အပြင် ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့မှာရှိတဲ့ Style လက်ဖက်ရည်ဆိုင်ထဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်မှာ လက်ဖက်ရည်ဆိုင်မှာ စားသောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ပစ်ခတ်ခံရတာဖြစ်ပြီး ရဲတပ်ကြပ် အောင်ဖြိုးမင်း ၊ ရဲတပ်သားဆန်းနိုင်နဲ့ National Democrectic Army (NDA) ငြိမ်းချမ်းရေးအဖွဲ့ရဲ့ စီးပွား / စီမံ အဖွဲ့ဝင် စောသန့်ဇင်ဦး ဆိုသူ သုံးယောက် ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာ ၅ လမ်း၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးရှေ့မှာရှိတဲ့ ၊ ရွှေလက်ပွား လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး ၃၅ နှစ်ဆိုသူ ပစ်သတ်ခံရပြီး သူကိုင်ဆောင်တဲ့ ပစ္စည်းတွေ ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့ခံတယောက်က
” ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ မတ် ၃၁ ရက်အတွင်း ရွှေဘိုနယ်မှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဖမ်းဆီး သတ်ဖြတ်လို့ ဘုန်းကြီး နှစ်ပါး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ လူပုဂ္ဂိုလ် ၁၅ ယောက်ထက်မနည်း အသတ်ခံရတယ် ၊ အခုရက်ပိုင်းမှာ ရွှေဘိုမှာ သတ်ဖြတ်ခံရတာတွေ မရှိတော့ဘူး ၊နစကတပ်ဖွဲ့တွေက မြို့ပေါ်မှာ ပိတ်ဆို့ထားသလို ရွာတွေဘက်မှာလည်း နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်နေတယ် ” လို့
ပြောပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW