မကွေးမြို့ရှိ နေအိမ် ၃၀၀ ဝန်းကျင်ကို ကျူးကျော်လို့ဆိုကာ တလအတွင်း ဖယ်ရှားခိုင်း

မေ ၇ – ၂၀၂၄
SN (VOM)
မကွေးတိုင်း၊ မကွေးမြို့ပေါ်၊ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ် ၃၀၀ ဝန်းကျင်ကို ကျူးကျော်လို့ဆိုကာ မြို့နယ်စည်ပင်သာယာရေး ကော်မတီက တလအတွင်း ဖယ်ရှားခိုင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောင်မေတ္တာ (ဃ) ရပ်ကွက်၊ ရထားသံလမ်းဘေး ဝဲ/ယာရှိ မြင်းကင်းကွင်းအတွင်း အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ လန-၃၉ လူနေအိမ်ရာ အသုံးပြုဖို့ ခွင့်ပြုထားရှိပြီးဖြစ်တဲ့ မြေပေါ်မှာ နေအိမ်တွေဆောက်လုပ်ကာ ကျူးကျော် နေထိုင်တယ်လို့ဆိုပြီး ဖယ်ရှားခိုင်းတာလို့ သိရပါတယ်။
“စားရေးသောက်ရေးတောင် ခက်ခဲပါတယ်ဆိုတဲ့ အချိန်ကျမှ အခုလို အားချင်းဖယ်ခိုင်းတော့ ကျွန်မတို့က ဘယ်သွားနေရမှာလဲ။ ကျွန်မတို့က ဒီအိမ်ကို တန်ရာတန်ကြေးပေးပြီး ဝယ်ထားရတာ။ ဒီမှာနေကြတဲ့သူတွေထဲမှာ ကျူးကျော်ပြီး နေနေတာ တယောက်မှ မရှိဘူး” လို့ ဒေသခံတ‌ယောက်က ပြောပါတယ်။
အဲဒီ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ်တွေကို ဖယ်ရှားပေးဖို့ မနေ့ မေ ၆ ရက်က မြို့နယ်စည်ပင်က ရပ်ကွက်နေ ပြည်သူတွေကို အစည်းအဝေးခေါ်ယူပြီး အသိပေးခဲ့တာလို့ သိရပါတယ်။
မကွေးတိုင်း စည်ပင်သာယာရေးကော်မတီရဲ့ မေလ ၆ ရက်နေ့ ထုတ်ပြန် အသိပေးစာမှာတော့ အဲဒီ ကျူးကျော်နေရာတွေကို မေလ ၁၃ ရက်နေ့မှာ အပြီးတိုင်ဖယ်ရှားရှင်းလင်းရမယ်လို့ ဖော်ပြထားပြီး ဥပဒေအရ ဆောင်ရွက်တဲ့ ကိစ္စရပ်တွေကို နှောင့်ယှက်ဟန့်တားရင် မကွေးတိုင်း စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၈၉ အရ ထိရောက်စွာ တရားစွဲဆိုခြင်းခံရမယ်လို့ အသိပေးထားပါတယ်။
“မနေ့က အစည်းအဝေးမှာ သူတို့ပြောတာကတော့ ဒီလအတွင်း ကျွန်တော်တို့ရဲ့အိမ်တွေကို အပြီးဖျက်ပေးရမယ်။ မဖျက်ပေးရင်တော့ အင်အားသုံး ဖယ်ရှားတာတွေလည်း ရှိလာမယ်၊ လူကိုလည်း အရေးယူမယ်လို့ ပြောတယ်” လို့ နောက်ထပ် ဒေသခံတ‌ယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း အောင်မေတ္တာ (ဃ) ရပ်ကွက်နဲ့ အောင်စေတနာရပ်ကွက်အတွင်းက နေအိမ် ၅၀၀ နီးပါးကိုပါ ကျူးကျော်လို့ ဆိုပြီး စည်ပင်တာဝန်ရှိသူတွေက ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
အခုလအတွင်း ဖယ်ရှားပေးရမယ့် အောင်မေတ္တာ (ဃ) ရပ်ကွက်အတွင်း နေအိမ်တွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အထက်ပိုင်းကတည်းက ဒေသခံအချို့ကို အုပ်ချုပ်ရေးပိုင်းအဆင့်ဆင့်က ငွေကြေးယူကာ မြေနေရာပေး ရောင်းချထားတဲ့နေရာဖြစ်ပြီး ပိုင်ရှင်အဆင့်ဆင့် လက်ပြောင်းရောင်းချကာ ဝယ်ယူနေထိုင်ခဲ့ကြတဲ့ နေရာဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW