သာသနာ့ဗိမာန် နှင့် မလွန်ကွင်း

 

 

 

ဆူးငှက်

 

 

မန္တလေးသည် သာသနာတော် စည်ကားခဲ့ရာမြို့တော် ဖြစ်လေသည်။ စာသင်၊ စာချ ဆရာတော်ကြီးများဖြင့် ပရိယတ္တိစာပေများ ထွန်းကားရာလည်း ဖြစ် ၏။ ၁၂၄၇ခု၊ အရှင်နှစ်ပါးပါတော်မူပြီး မှစ၍ သာသနာ ညှိုးမှိန်ခဲ့လေသည်။ ပါတော်မူပြီး၁၃နှစ်အကြာတွင် စာရင်းကောက်ယူသောအခါ စာသင်၊ စာချဆရာတော် အပါးရေ ထက်ဝက်ကျော်မျှ လျော့နည်းသွားကြောင်းတွေ့ရှိရလေ၏။ ပါတော်မူချိန်ကာလက စာချဆရာတော် ၁၁၆၆ပါး (ဥသြသံသာ) ရှိခဲ့သည်။

 

 

ဤကဲ့သို့ သာသနာတော် မှေးမှိန်မည့် အရိပ်အရောင်ကြောင့် မန္တလေးမြို့ ဆိုင်းတန်းရပ် ပွဲစားကြီးဦးထွန်း အပါအဝင် သာသနပါလ ဥပါသကာ ၁၂ဦး သည် မိုးတားတိုက် သာသနာပိုင် ဆရာတော် ဦးသုဇာတ အမှူးပြုသော ဆရာတော်ကြီး ၁၈ပါး၏သြဝါဒကိုခံယူကာ ၁၂၆ဝခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ‘မန္တလေးမြို့ ပရိယတ္တိ သာသနဟိတအသင်းကြီး’ ကိုတည်ထောင်ခဲ့၏။

 

 

၁၃၁၄ ခု၊ ဝါဆိုလပြည့်ကျော် ၇ရက် (၁၃-၃-၅၂)နေ့တွင် အသင်းကြီးက အသင်းတိုက် ဆောက်လုပ်ရန် မြေနေရာကိုဆရာတော်ကြီးများမှ တဆင့် နိုင်ငံတော်အစိုးရအား တောင်းခံခဲ့ရာ ရတနာဘုမ္မိအနောက်၊ အကွက်နံပါတ် ၅၅ဝ၊ ၈၅ လမ်းနှင့်အေလမ်းထောင့်ရှိ ၂.၃၁ဧကရှိသော မြေကွက်ကြီးကို ရရှိခဲ့သည်။ ထိုနေရာတွင် အလျား၁၃၆ပေ၊ အနံ၅၄ပေ၊ ဆင်ဝင်အလျား၃၂ပေ၊ အနံ ၂၄ပေ၊ ထီးတော် ငှက်မြတ်နားအထိ အမြင့်၁၃၆ပေရှိ သာသနာ့ဗိမာန်တော် ကြီးကို တည်ဆောက်ခဲ့၏။

 

 

ထိုစဉ်က အသင်းဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဗိသုကာဆရာကြီး ဦးဆိုင်က ကိုယ်တိုင် ကြပ်မတ် ဆောက်လုပ်ခဲ့သည်။အချိုးကျလှပသော ဘုံ၇ဆင့် ပြာသာဒ်၊ သွပ်ကနုတ်ပန်းများ၊ အင်္ဂတေထောင့်ပန်းများ၊ လက်ရာမြောက် ပန်းတော့ နယားရုပ်များနှင့် မြန်မာ့ဗိသုကာအတတ်ကို အသားကုန် အစွမ်းပြထားသည့် ဗိမာန်တော်ကြီး ဖြစ်၏။ ယခင်က မန္တလေးသို့ ဘုရားဖူးလာရောက် သူတိုင်းသည် အေလမ်းခေါ် ၃၅လမ်ဘေးက သာသနာ့ ဗိမာန်တော်ကြီးကို ရောက်ရမှလည်း ပြီးပြည့်စုံ၏။ သစ်စက်သူဋ္ဌေးကြီး ဦးသာဌေး မိသားစု လှူဒါန်းထားသော ဓာတ် လှေကားဖြင့် ဗိမာန်တော်ကြီး၏ တတိယထပ်အထိ တက်ရောက်နိုင်သည်။

 

ထိုခေတ်အခါက အများသုံး ဓာတ်လှေကားမှာလည်း မန္တလေးတွင် ဤသာသနာ့ ဗိမာန်တော်ကြီး၌ သာရှိသည်။ ဓာတ်လှေကား စီးရန်အတွက်ပင် သာသနာ့ဗိမာန်တော်ကြီးသို့ တကူးတက လာရောက်ကြရသည်။ ဤဗိမာန်တော်ကြီးကို အေလမ်းအတိုင်း အရှေ့ဘက်၈၄လမ်းမှ ဆင်းလာလျှင်သော် လည်းကောင်း၊ အနောက်ဘက် ရွှေတချောင်းမြောင်းဆီမှ အေလမ်းအတိုင်းတက်လာလျှင်သော် လည်းကောင်း၊ ကျက်သရေရှိစွာ ငွားငွားစွင့်စွင့် တွေ့မြင်ခဲ့ကြရသည်။ ယခုမူ အထပ်မြင့် မီးရထားတိုက်ခန်းကြီးများက အရှေ့ဘက်မြင်ကွင်းကို ကာဆီးထားသလို ရေပေးရေး စီမံကိန်း ရေလှောင်ကန်ကြီး ကလည်း အနောက်ဘက်မှကာဆီးထား ပြန်၏။ မတတ်နိုင်။ မန္တလေးသည် ကွန်ကရစ်တောကို ဝံ့ကြွားစွာ ထွေးပွေ့ ထားပါပကော။

 

 

 

ငယ်စဉ်က သာသနာ့ဗိမာန်တော်ကြီး အပေါ်သို့တက်လျှင် အနောက်ဘက် ဝရံတာများဆီမှ တဆင့် မလွန်ဘောလုံးကွင်းဆီ ငုံ့ကြည့်ရသော အရသာက ထူးကဲသည်။ မန္တလေးတွင် ဗထူးကွင်းပြီးနောက် မလွန် ဘောလုံးကွင်းက မန္တလေးဘောလုံးလောက၏ ဘူမိနက်သန်ဖြစ်လေသည်။ မျိုးဆက်သစ် ဒုတိယတန်း ကလပ်သင်းများသည် မလွန်ဘောလုံးကွင်းကို ဖြတ်သန်းပြီးမှသာ ဗထူးကွင်းဆီ ခြေချရသည်။ ဗထူးကွင်းတွင် အစွမ်းပြနိုင်လျှင် ရန်ကုန်အောင်ဆန်းကွင်းဆီမျှော်မှန်းနိုင်လေပြီ။

 

 

မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့သော နာမည်ကျော် အေးမောင်ကြီးသည် ‘သျှန် တက္ကသိုလ်’ အသင်းတွင် ပါဝင်ကစားကာ မလွန်ကွင်း၌ ခြေစွမ်းပြခဲ့သည့် မဟုတ်လော။ ထို့အတူ မြန်မာ့လက်ရွေးစင် ကျော်ကျော်ဝင်းသည် လည်းကောင်း၊ ကိုကိုကြီးသည်လည်းကောင်း၊ အရှုပ်ကူးမားသည် လည်းကောင်း မလွန်ကွင်းမှ မွေးထုတ်လိုက်သူများ ဖြစ်၏။ ထို့အပြင် အခြားဘောလုံးသမားများစွာ၊ များစွာ။

 

 

စာတိုက်ကြေးနန်း၊ ရွှေကြူး၊ မြို့မ၊ သျှန်၊ မိုးကြိုးစသော အသင်းများကား မလွန်ကွင်း၏ ထိပ်တန်းအသင်းများဖြစ်၏။ မလွန်ကွင်းတွင် ဘောလုံးပွဲကောင်း ပြီဆိုလျှင် အေလမ်းပေါ်မှာ မြင်းလှည်းတွေ။ ဘတ်စ်ကားတွေ၊ သံလျက်မှော်သို့ အုတ်သယ်၊ သဲသယ်ကားတွေ တသီကြီး တမေ့တမော ရပ်ကာ ဘောလုံးပွဲကို အားပေးကြသည်။

 

ယခုတော့ မလွန်ဘောလုံးကွင်း မရှိတော့ပြီ။ ဘောလုံးသမိုင်းလည်း ပျောက်ပြီ။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #သာသနာ့ဗိမာန်နှင့်မလွန်ကွင်း

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW