နေခြည်နဲ့အသား၊ ရွှေရည်နဲ့ပတ္တမြား

 

”လက်ရည်တစ်ပြင်တည်း ..
နှီးဒေါင်းလန်းတွေနဲ့
ဝိုင်းဖွဲ့ကာ စားကြသည်ရှင်။
မြမဒီခင် …
ခပ်ငယ်ငယ် …၊
တေးဆိုကြ ..၊
မြူးပျော်ကြ …”

 

အပြာရင့်ရောင် နောက်ခံ ပိတ်ကားကြီးအလယ်မှာ ‘မြို့မ’ ဆိုတဲ့ အဝါရောင်တံဆိပ်ကြီးက ထင်းနေတယ်။ ရှေ့ကစင်ပေါ်မှာ အနိမ့်အမြင့်ပြင် ဆင်ထားတဲ့ ခုံပေါ်၊ နီကယ်ရောင်လက်နေတဲ့ ှအညေိ လေးတွေရှိတယ်။ ဒီအညေိ မှာလည်း ‘မြို့မ’ဆိုတဲ့ လိုဂိုတွေချိတ်ဆွဲထားရဲ့။ ဖိတ်ဖိတ်လက် နေတဲ့ တူရိယာပစ္စည်းတွေက ဆလိုက်မီးရောင် တွေအောက်မှာ စုန်းတောက်စားသလို ကွန့်မြူး နေကြတယ်။ တစ်ဖက်က ကျုံးကမ်းစပ်မှာ မီးသီး ရောင်စုံတွေက သူတို့အရိပ်တွေကို ကျုံးရေပြင် ထဲငုံ့ကြည့်လို့ မှိတ်တုတ်မှိတ်တုတ်။ တစ်ဖက်က မြို့ရိုးကြီးပေါ်မှာတော့ သူရဲခိုကလနားတစ်လျှောက် ၄ဝ ဝပ်မီးလုံးဝါတွေက ပုတီးသီလို သူရဲခိုတစ်လုံး မှာ ကြယ်ခြောက်ပွင့်ပါ ပြည်ထောင်စုအလံတွေက တလူလူလွင့်နေတယ်။ ဝန်းကျင်သစ်ပင်ကြီးငယ် တွေပေါ်မှာ အချိန်အခါမဟုတ် မီးလုံးရောင်စုံတွေ သီးနေလေရဲ့။

 

တိုးဝှေ့နေကြတဲ့ လူအုပ်ကြီးရှေ့မှာ စိမ်ပြေ နပြေထိုင်ကာ တီးဝိုင်းဆီမျှော်လင့်နေကြတဲ့ ပရိသတ်ကြီးက ငြိမ်လို့။ ကျွန်တော်က ကလေးပီပီ လူအုပ်ကြားကတိုးထွက်ပြီး ထိုင်နေတဲ့ ပရိသတ် ကြားတိုးဝင်တယ်။ ပြီးတော့ နေရာယူပြီး အဖေ့ ကိုလှမ်းခေါ်တယ်။ တီးဝိုင်းစင်ပေါ်မှာ တိုက်ပုံအဖြူ ပုဆိုးအပြာရင့်ကိုယ်စီနှင့် အဆိုတော် အဘိုးကြီး နှစ်ယောက်က ယှဉ်ရက်ရပ်ပြီး မိုက်ကရိုဖုန်းတိုင်ကို ကိုင်ထားတယ်။ မီးရောင်မှာ သူတို့မျက်မှန်ကြီး တွေက ဝင်းခနဲ ..လက်ခနဲ …။

 

သီချင်းရဲ့ခြေဆင်းအပိုဒ်ကို ခပ်ပိန်ပိန်အဘိုး ကြီးက မတ်မတ်ရပ်မေးဆွဲပြီးအပီအခန့်သီဆိုပြီး တာနှင့် တစ်ဖက်က ခပ်ဖြူဖြူ ခပ်တုတ်တုတ်အဆို တော်အဘိုးကြီးဆီ လက်ကမ်းကာ လက်ဆွဲနှုတ် ဆက်လိုက်ကြတယ်။

”ဟေ့ ..သူငယ်ချင်းရေ …
ဒို့ ..နယ်ပယ်တွင်း မိုးသက်ကယ်ဆင်း
ရှစ်ခွင်ကမည်း ..
မိုး ..၊ ရွာမလိုလိုပဲ …၊
ညီညွတ်ရေးနဲ့
အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရေတစ်ပြင်တည်း
ရှေးကတော့ ပိုချစ်ကြတယ် …”

 

အဘိုးကြီးနှစ်ယောက်(တကယ်တော့ အဲဒီ အချိန်က ကျွန်တော့်အရွယ်နှင့်မို့ ဒီအဆိုတော်ကြီး နှစ်ယောက်ကို အဘိုးကြီးလို့ခေါ်ပေမယ့်။ သူတို့ အသက်က ၅ဝဝန်းကျင်ပဲရှိကြဦးမှာပါ)ရဲ့ အသံ နှင့် ဆိုဟန်ဆိုပေါက်က အခြားအဆိုတော်တွေနှင့် မတူဘူး။ ဟန်တွေပါတယ်၊မာန်တွေပါတယ်၊ ဌာန် တွေပါတယ်။ (ဒီ ..’ဌာန်’ဆိုတဲ့ကိစ္စကိုလည်း အဲဒီတုန်းက နားမလည်သေးပါဘူး။ အခုမှသာ ရေးရေးမျှသိသလိုရှိလို့ ပြောကြည့်တာပါ)။ အခု သီဆိုတဲ့ ‘လက်ရည်တစ်ပြင်တည်း’ဆိုတဲ့ သီချင်းက လည်း အခြားအငြိမ့်မင်းသမီးတွေ၊ အဆိုတော်တွေ သီဆိုတာကြားဖူးပြီးသား။ ဒါပေမဲ့ ဒီအဘိုးကြီး နှစ်ယောက်သီဆိုတာကို ပိုပြီးခံစားနှစ်သက်နေ တယ်။ အခြားသူတွေဆိုတာနှင့်မတူဘူး။ ရင်ထဲ စွဲသွားတာပါပဲ။ သူတို့အဆိုနှင့်အတီးပိုဒ်မှာ နောက်က ဒိုးဆစ် အဆို့အပိတ်တူရိယာတွေရဲ့ အသံအဝင်အထွက်တွေနဲ့က မြိုင်ဆိုင်ပြီး ပိုလိုက် ဖက်သလိုပဲ။

 

ဒီမြင်ကွင်းဟာ ၁၉၇ဝကျော်ဝန်းကျင်ကာလ မန္တလေးကျုံးထောင့်နဲ့ မန်းသီတာဥယျာဉ်အတွင်း ကျင်းပတဲ့ လွတ်လပ်ရေးအောင်ပွဲမြင်ကွင်းတွေပါ။ ဇန်နဝါရီ ၁ရက်နေ့ကနေ ဇန်နဝါရီ ၇ရက်လောက် အထိ ဝှဲချီးကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်း အနားတွေပါ။ မြို့ထဲလမ်းမတွေအပေါ်မှာ ညဉ့် နက်တဲ့အထိ မြင်းလှည်းတွေ၊ ဘတ်စ်ကားတွေက အလံတွေတလူလူလွှင့်ပြီး ‘အောင်ပွဲကို၊ အောင်ပွဲ ကို ..’လို့ အော်ဟစ်ရင်း မြို့ထဲနှင့် ကျုံးထောင့် တစ်နေ့လုံး၊ တစ်ညလုံး အသွားအလာမပြတ် အောင် စည်ကားခဲ့တဲ့ကာလတွေပါပဲ။ ခုနစ်ရက် ခုနစ်လီကျင်းပတဲ့ လွတ်လပ်ရေးပွဲမှာ ဖျော်ဖြေရေး အနေနဲ့ အဆိ၊ု အက၊ အတီးပြိုင်ပွဲတွေ၊ ပဒေသာ ကပွဲတွေ၊ အငြိမ့်တွေ၊ ဇာတ်တွေ၊ ဆိုင်းတွေပါတဲ့ အပြင် မန္တလေးက နာမည်ကျော်တီးဝိုင်းအဖွဲ့ တွေက တစ်ညတစ်ဝိုင်းကျအပြိုင်ဖျော်ဖြေကြ တယ်။ အဲဒီကာလ တီးဝိုင်းကြီးတွေကလည်း သူမ သာ ကိုယ်မသာ အပြိုင်အဆိုင်တွေပေါ့။ နုယဉ်တဲ့၊ ဂီတလုလင်တဲ့၊ သင်္ဂဟတဲ့၊ သီရိမွန်တဲ့၊ မြို့မတဲ့၊ မိုးကေသီတဲ့၊ တေးချစ်သူတဲ့ …။

 

‘မြို့မ’ဖျော်ဖြေတဲ့ညရောက်ရင် ပိုစည်တယ်။ သမ္ဘာနဲ့ ဝါနဲ့ကိုး။ မြို့မအလှည့်မှာ အဖွင့်တီးလုံး တီးပြီးတာနှင့် အဆိုတော်အဘိုးကြီးနှစ်ယောက်က ‘လက်ရည်တစ်ပြင်တည်း’သီချင်းသီဆိုတာပါ။ ဒီမှာ တင် ပရိသတ်ရဲ့သြဘာလက်ခုပ်သံတွေ ရခဲ့ကြ တာပါပဲ။ ဒီအဘိုးကြီးနှစ်ယောက်မှာ ပိန်ပိန်နဲ့က ဦးသိန်းတန်တဲ့၊ ဝဝဖြူဖြူခန့်ခန့်က ဦးဖူးအံ့တဲ့။ ဦးသိန်းတန်ဆိုတာ နာမည်ကျော်လူရွှင်တော်ကြီး ဦးချစ်ဖွယ်နှင့် မင်းသမီးကြီးဒေါ်စိန်သုံတို့ရဲ့ သား တဲ့။ မြို့မမှာ ငယ်မွေးခြံပေါက်။ မြို့မငြိမ်းသီချင်း မှန်သမျှ သူပဲဆိုခဲ့တာတဲ့။ ဦးဖူးအံ့ကလည်း တရုတ် သွေးပါပေမယ့် ပီပြင်လိုက်တဲ့ မြန်မာသံ။ မြို့မ သီချင်းတွေကို ဟန်နှင့်ဆိုတယ်။

 

ဦးသိန်းတန်က လက်ရည်တစ်ပြင်တည်း၊အောင် ပင်လယ်၊ အလှပြိုင်ပွဲ၊ လှောင်တကြိုက်တည်း ကြိုက်၊ ရှုမဝလူပျိုသိုး စတဲ့သီချင်းတွေသီဆိုတယ်။ ဦးဖူးအံ့က လက်ရည်တစ်ပြင်တည်း၊ပဉ္စသိင်္ခ၊လက်ဝဲ သုန္ဒရစတဲ့ သီချင်းတွေ ဆိုတယ်။ ဦးဖူးအံ့က နောက်ပိုင်းမိုးကေသီမှာလည်း သူ့ကိုယ်ပိုင်သီချင်း တွေနဲ့ နာမည်ကြီးပါသေးတယ်။ ပြောချင်တာ က ဒီအဘိုးကြီးနှစ်ယောက်ရဲ့ မြန်မာသံကို အပီပြင် ဆုံး သီဆိုနိုင်မှုတွေဟာ ရှာမှရှားလို့ဆိုလိုတာပါ။ နောက်မှ ‘ဘာဝ’၊ ‘ဝိဘာဝ’တွေ၊ ပြီးတော့ ‘အနု ဘာဝ’တွေဆိုတာ ဖတ်ဖူးတာကိုး။ တစ်ဆက် တည်း ဒီဃ၊ ရဿ၊ ဂရု၊ လဟု၊ ဓနိတ၊ သိထိလ၊ သမ္ဗန္ဓ၊ ဝဝတ္တိတ၊ ဝိမုတ္တ၊ နိဂ္ဂဟိတဆိုတဲ့ အသံပိုင်း ဆိုင်ရာ ‘စံ’တွေ၊ ‘စည်း’တွေကို လေ့လာဖူးတာကိုး။ ဒီလို ဖတ်မှတ်လေ့လာဖူးမှ ဒီ ..ဦးသိန်းတန်နဲ့ ဦးဖူးအံ့ဆိုတဲ့ အဘိုးကြီးနှစ်ယောက်ရဲ့အသံနှင့် ဆိုဟန် ဆိုပေါက်တွေဟာ ဒီ’စံ’တွေ၊ ‘စည်း’တွေနှင့် လိုက်ဖက်ပြည့်စုံနေတာကိုးလို့ သဘောပေါက်တာ ပါ။ ဒီအထဲ ‘ရွှေဖလားပတ္တမြားကွပ်’သလို၊ ‘မြို့မ’ ရဲ့သီချင်းတွေကလည်း၊ နန်းတော်ရှေ့ဆရာတင် ပြောသလို ‘တီးပုံ မှုတ်ပုံအပြောင်းအလဲကောင်းတဲ့ သံစုံသံညင်းကိုး’ မို့ ‘နန်းတော်ရှေ့ကြီးတောင် မြို့မရဲ့အရိပ်ကိုခို’ရ လောက်ပေတဲ့အပြင် ‘တီးလုံးဆန်းရဲ့ပါရဂူ၊ မြို့မ ကြီးရဲ့အတီးကို နှစ် သက်သူ’လို့ ကမ္ပည်းတင်ရတဲ့ အသင်းပဲ မဟုတ်ပါ လား။ ဒါကြောင့်လည်း ‘မြို့မ ကြီး’ကို စွဲခဲ့ရတာပါပဲ။ နောက် ဒီဘက်ပိုင်း ၁၉၈ဝကျော်ကာလ ဦးသိန်းတန်၊ ဦးဖူးအံ့တို့ မသီဆိုနိုင်တဲ့နောက် ဆုံးပါး ပြီးတဲ့နောက် သူတို့ဟန်အတိုင်း ထပ်တူနီးပါးမျှ လိုက်နိုင်သူတစ်ဦး မြို့မမှာပေါ်ပေါက်လာပါတယ်။ ဒီအဆိုတော်က ‘ထိပ်တင်ဆန်းပါ။ သူက ဦးသိန်း တန်၊ ဦးဖူးအံ့တို့နှင့်မှီတော့ ဒီပုဂ္ဂိုလ်ကြီးတွေဆီက ပညာကို ကံ့ကူလက်လှည့်သင်ယူနိုင်ခဲ့တယ်။ ဒါ့ အပြင် မြို့မရဲ့ပညာရှင်ကြီးများဖြစ်တဲ့ ဒိုးဦးထွန်းရင်၊ တယောရွှေဦးသန်းမောင်၊ ဖွေးလက် ဦးဗစိန်တို့ ဆီကလည်း အဆိုပညာတွေ လက်ဆင့်ကမ်းရယူ ခဲ့သေးတယ်။ ထိပ်တင်ဆန်းဟာ ကနဦးအစမှာ တော့ ‘နုသေး နွဲ့သေး’တယ်။ နောက်ပိုင်းဆိုသက် ကြာလာတော့ ရှေ့ကလူကြီးတွေရဲ့ ဟန်တွေ၊ မာန် တွေ၊ ဋ္ဌာန်တွေက အပီရလာတော့တယ်။ သူကိုယ် နှိုက်ကလည်း ကြိုးစားတယ်။ တီးလုံးရဲ့ အဆို့ အပိတ်၊ ဟန်နှင့်လိုက်ဖက်စွာ သီဆိုနိုင်တယ်။ ဒါကြောင့် သူကွယ်လွန်ချိန်အထိ နှစ်ပေါင်း ၃ဝ ကျော်မျှ ‘မြို့မရဲ့အမှတ်အသား’လို့ပင် ပြောရ လောက်အောင်ပါပဲ။

 

ချုပ်လိုက်ကြစို့။ မြို့မဆိုတဲ့ အသင်းကြီးမှာ အလွန်အဖိုးတန်တဲ့ သယံဇာတတွေအများကြီးရှိ တယ်။ လက်ရှိ တီးမှုတ်သီဆိုနေကြတာတွေက တူး ပြီးဖော်ပြပြီး အခန့်သင့်ခူးပြီးခပ်ပြီး။ ဒီ’အဆင်သင့်’ တွေကိုပဲ၊ ဟိုး ..ရှေးရှေးက မြို့မအသင်းသားတွေ မဟုတ်ခဲ့ကြတဲ့ ကိုအံ့ကြီးတို့ ပဒေသာမျိုးလှိုင်တို့၊ မင်းသားကြီးဝင်းဦးတို့က တန်ဖိုးသိစွာ တူးဖော်ဆင် ယင်ခဲ့ကြလို့ ဒီကနေ့အထိ စံတစ်ခုအနေနှင့် အမှတ် အသားပြုခဲ့ကြပြီမဟုတ်ပါလား။ မြို့မသီချင်းက လည်း မြို့မတီးလုံးတီးကွက်နဲ့မှ ‘နေခြည်နဲ့အသား၊ ရွှေရည်နဲ့ပတ္တမြား’အဖြစ် ပနံစားမှာမဟုတ်ပါလား။ မြို့မမူကို မြို့မကပဲ ထိန်းသိမ်းရမှာ မဟုတ်လား။ ဒီလောက် အခြေခံအရည်အချင်းတော့ ရှိရမှာပေါ့။

ဆူးငှက်

#voiceofmyanmar #VOM #နေခြည်နဲ့အသား၊ရွှေရည်နဲ့ပတ္တမြား #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW