ကျောက်ထုမြို့နယ်ခွဲမှာ လေကြောင်းတိုက်ခိုက်ခံရလို့ PDF စခန်းတခု ပျက်စီး ၊ လူ ၂၀ ကျော်သေဆုံး



မေ ၊ ၁၀ ၊ ၂၀၂၄
SP (VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ ကျောက်ထုမြို့နယ်ခွဲ ၊ အကြည်ပန်းပလွန်ရွာနားမှာ မနေ့ မေ ၉ ရက် မနက်ပိုင်းက လေကြောင်းက တိုက်ခိုက်ရလို့ထိခိုက်ပျက်စီးမှုတွေများပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ကျောက်ထုဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်ကဖြစ်တာပါ ၊ အပစ်ခံရတဲ့နေရာက အကြည်ပန်းပလွန် ဘုန်းကြီးကျောင်းဖြစ်တယ် ၊ ထမင်းစားနေတုန်းပစ်ခံရလို့ ထိခိုက်သေဆုံးသူ လူ ၂၀ ကျော်ရှိပြီး လူ ၃ ဝ ထက်မနည်းဒဏ်ရာရတယ် ၊ ပစ်ခံရတဲ့ ဘုန်းကြီးကျောင်းကတော့ မီးလောင်ပျက်စီးသွားတယ် ၊ သေဆုံးသူတွေဟာ PDF တွေလား ၊ ရွာခံလူတွေလားဆိုတာ မသိရသေးဘူး ၊ ဒီညနေပိုင်းအထိ အဲ့ဒီ အကြည်ပန်းပလွန်ဘက်ကို ဖုန်းခေါ်ဆိုလို့ မရဘူး ” လို့ ကျောက်ထုဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တယ်လီဂရမ် လူမှုကွန်ရက်မှာ ဖော်ပြထားတာက ကျောက်ထုမြို့နယ်ခွဲ၊အကြည်ပန်းပလွန်ရွာ ဘုန်းကြီး ကျောင်းမှာ တိုက်နယ် ပအဖ ၊ ပကဖ ၊ ကားသမားတွေနဲ့ ဒေသခံ PDF တွေစုဖွဲ့ပြီး အစည်းဝေးပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယောဒေသမှာ အားထားရတဲ့ လူမှုကွန်ရက်တွေမှာ အကြည်ပန်းပလွန် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခံရလို့ ဘုန်းကြီးဆောင် မီးလောင်ပျက်စီးပြီး ဘုန်းကြီးတပါး အပါအဝင် လူနှစ်ဆယ်ကျော် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေး အဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

အဲ့ဒီအပြင် မနေ့ မနက်ပိုင်းက မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ဆုံကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့နဲ့ ဒေသတွင်းလက်နက်ကိုင် PDF တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး ဆုံရွာခံ ကလေး / လူကြီး ၃၀ ကျော်သေဆုံးကာ လူနေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

မနေ့က နေ့ခင်းပိုင်းမှာ စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ်မှာ နယ်မြေရှင်းလင်းရေး လှုပ်ရှားထွက်လာတဲ့ စစ်ကြောင်းနဲ့ PDF အဖွဲ့တွေ ထိတွေ့မှုဖြစ်ပွားပြီး နစက လုံခြုံရေးတပ်ဖွဲ့ဝင် ခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ၊ အကြည်ပလွန်ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW