မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ငါးထောင်ကျော်ကို မြန်မာဘက်လွဲပြောင်းပေးမယ်လို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်ပြော

မေ ၊ ၁၀ ၊ ၂၀၂၄
TT (VOM)
အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်ထဲမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ငါးထောင်ကျော်ကို နေရပ်ပြန်နိုင်ဖို့အတွက် နကစ အဖွဲ့ထံ လွှဲပြောင်းပေးတော့မယ်လို့ မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိုးရေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် ဦးဂျမားက
” ပြီးခဲ့တဲ့ မေ ၈ ရက်တုန်းက မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက သူ့ရဲ့လူမှုကွန်ရက် X ခေါ် တွစ်တာပေါ်မှာ ရေးသားဖော်ပြထားတယ် ၊ ဝန်ကြီးချုပ် ရေးထားတာကမဏိပူရ်ပြည်နယ်ထဲကို တရားမဝင် ပြောင်းရွှေ့နေထိုင်လာတဲ့ မြန်မာနိုင်ငံသား ၅၄၅၇ ယောက်ရှိတဲ့အနက်က ၅၁၇၃ ယောက်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကို မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က ကောက်ယူထိန်းသိမ်းထားပြီးဖြစ်တယ် ၊ အဲ့ဒါကြောင့် မဏိပူရ်ပြည်နယ်ထဲကို တရားမဝင် ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို နစကထံ လွှဲပြောင်းပေးမှာ ဖြစ်တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာတွေနဲ့ နီးစပ်သူတယောက်က
” မဏိပူရ်ပြည်နယ် ကမ်ဂျွန်ခရိုင် နယ်စပ်မှာရှိတဲ့ စစ်ရှောင် မြန်မာရွာတွေကို အခုရက်ပိုင်းမှာ နေရပ်ပြန်ပို့ဖို့ အာသန်ရိုင်ဖယ်တပ်ရင်းက စီစဥ်နေတာရှိတယ် ၊ အဲ့ဒါကြောင့် မဏိပူရ် အာဏာပိုင်တွေနဲ့ မြန်မာခိုလှုံသူတွေ မေ ၆ ရက်က ညှိနှိုင်းတိုင်ပင်ဆွေးနွေးတယ် ၊ အဲ့ဒီအပြင် မေ ၈ ရက်က နောက်တကြိမ် ထပ်ပြီးညှိနှိုင်းတယ် ၊ အခုထိတော့ ပြေလည်မှုမရသေးဘူး ” လို့ ပြောပါတယ်။
အင်ဖာမြို့မှာနေထိုင်တဲ့ မြန်မာတယောက်က
” မဏိပူရ်ပြည်နယ်ထဲမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာ တသောင်းကျော်ရှိတယ် ၊ အဲ့ဒီထဲက စစ်ရှောင်လာတဲ့သူတွေပါသလို ၊ ရွှေ့ပြောင်း အလုပ်သမားတွေလည်း တချို့ပါတယ်၊ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်စပိုင်းက လမ်းကားမြို့မှာရှိတဲ့ ယက္ကန်းစက်ရုံတွေကို အာသန်ရိုင်ဖယ်တပ်ရင်းအဖွဲ့နဲ့ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့တွေ ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမဲ့ မြန်မာလုပ်သား တရာကျော် ဖမ်းဆီးထိန်းသိမ်းတယ် ၊ နောက်ပြီး လန်ကျန်(Lhangcham) ကျေးရွာမှာလည်း မြန်မာလုပ်သား ၈၇ ယောက်ဖမ်းဆီးထိန်းသိမ်းခံရတယ် ၊ အဲ့ဒါကြောင့် အင်ဖာအကျဥ်းထောင်မှာ မြန်မာ နှစ်ရာကျော်လောက် ထိန်းသိမ်းခံထားရတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်က အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဥ်ထောင်မှာ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား တချို့ကို မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြစ်တဲ့ မိုးရေး – တမူး အင်ဒို – မြန်မာ နယ်စပ်ဂိတ်မှာ အိန္ဒိယအစိုးရအဖွဲ့က နစကဆီကို လွဲပြောင်းပေးအပ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ ၊ မေ ၂ ရက်က မြန်မာတချို့ကို အိန္ဒိယ အစိုးရအဖွဲ့က နယ်စပ်ဂိတ်မှာ နစကထံ လွှဲပြောင်းပေးနေတဲ့ မြင်းကွင်း (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW