မုံရွာမှာ နစက ကင်းပုန်းအဖွဲ့နဲ့ PDF အဖွဲ့တွေ တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်လို့ ထိခိုက်သေဆုံးသူတွေရှိ

မေ ၊ ၁၀ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ရွှေဇလုတ်ကျေးရွာနားနဲ့ ညောင်ဖြူပင်ကျေးရွာ ငြိမ်းမယ်တော် တံတားနားမှာ မနေ့ မေ ၉ ရက် မနက်ပိုင်းက ၊ နစက လုံခြုံရေး ကင်းပုန်းအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနေ့ မနက်ပိုင်းက ရွှေဇလုတ်ရပ်ကွက်နားမှာ ပစ်ခတ်မှုတွေဖြစ်တယ် ၊ ကားတွေနဲ့ ဆိုင်ကယ်တွေ ပစ်ခံရတယ် ၊ နောက်ပြီး မုံရွာမြို့နယ်ရဲ့ တောင်ဘက်မှာရှိတဲ့ ညောင်ဖြူပင်ရွာ – မုံရွာလမ်း ငြိမ်းမယ်တော်တံတားနားမှာ ပစ်ခတ်မှုတွေ ဆက်ပြီးဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ လူသေဆုံးတာတွေရှိတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ထိတွေ့မှုနှစ်ကြိမ်ဖြစ်တယ် ၊ ပထမတကြိမ်က မုံရွာမြို့ ၊ ရွှေဇလုတ်ရပ်ကွက်နားက မြို့ရှောင်လမ်းဘက်မှာ ဖြစ်တယ် ၊ အဲ့ဒီ တိုက်ခိုက်မှုဖြစ်စဥ်မှာ ထိတွေ့တိုက်ပွဲမှာ လက်လုပ်မိုင်း ၂ လုံး၊ ကျည်ကာဦးထုပ် (ဖိုက်ဘာ) ၁၂ လုံး၊ VOXY အမျိုးအစား ကား ၁ စီး၊ SURF အမျိုးအစား ကား ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၁၀ စီး၊ ဝါယာကြိုး ၂ ခွေ တို့ကို သိမ်းဆည်းရမိတယ် ၊ နောက်ဖြစ်စဥ်တခုက မုံရွာမြို့နယ်ရဲ့တောင်ဘက် ညောင်ဖြူကျေးရွာနားက ငြိမ်းမယ်တော်တံတားကို မိုင်းလာထောင်းတဲ့အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်တယ် ၊ အဲ့ဒီ ဖြစ်စဥ်မှာ အမျိုးသား အလောင်း နှစ်လောင်း ၊ လက်လုပ်ကွန်ကရစ်မိုင်း နှစ်လုံး ၊ ကွန်ကျူးပလပ်စတစ်ပိုက်နဲ့ ပြုလုပ်ထားတဲ့ မိုင်းအသေးတလုံး၊ ဗုံးသီးတလုံး ၊ မိုင်းတပ်ဆင်ရာမှာ အသုံးပြုတဲ့ ဝါယာကြိုးခွေ တခွေ ၊ ဘက္ထရီအိုး နှစ်လုံးနဲ့ ဆိုင်ကယ်တစီး သိမ်းဆည်းရမိတယ် ” လို့ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း မေ ၈ ရက်နေ့ မနက်ပိုင်းကလည်း ညောင်ဖြူပင်နယ် ဘုဘကျေးရွာနားက ဒေသတွင်း လက်နက်ကိုင် PDF စခန်းတခု တိုက်ခိုက်ခံရပြီး လက်လုပ်သေနတ် ငါးလက် ၊ လက်လုပ် ဗုံးပစ်လောင်ချာ ၄၀ မမ တလက် အပါအဝင် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၆ ရက်က မုံရွာမြို့ ၊ ကန်သာဦးရပ်ကွက် ၊ အောင်တော်မူလမ်းမှာ မုံရွာပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဓာတ်မှန်ဌာနက လင်မယားနှစ် ပြန်ပေးဆွဲလာတဲ့ ကားနှစ်စီး ပစ်ခတ်ခံရပြီး ၊ အဲ့ဒီကားတွေပေါ်မှာ လိုက်ပါလာတဲ့ လူ နှစ်ယောက်သေဆုံးကာ အလောင်း နှစ်လောင်း ၊ ကားနှစ်စီး ၊ မောင်းပြန်ရိုင်ဖယ်သေနတ် ငါးလက် နစက အဖွဲ့က သိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် အခုရက်ပိုင်း မုံရွာမြို့နယ်မှာ လူပြန်ပေးဆွဲအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လူ ခုနှစ်ဦးထက်မနည်းသေဆုံးကာ ၊ လူ နှစ်ဆယ်ကျော် ဖမ်းမိထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြန်ပေးဆွဲ ဖမ်းဆီးခံရတဲ့ လူတချို့ကို ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
” ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က အလောင်းတော်ကဿပဘုရားမှာရှိနဲ့ ရွှေသင်္ဃန်းတွေ ခွာယူခံရပြီး ၊ ဘုရား လိုဏ်ဂူတော်ကို မိုင်းခွဲဖျက်ဆီးခံရတယ် ၊ အဲ့ဒါကြောင့် မုံရွာနားအနီးတဝိုက်က တန်ခိုးကြီးဘုရားတွေကို နစကတပ်ဖွဲ့တွေ တိုးမြင့်ချထားတယ် ၊ ပြီးခဲ့တဲ့ မေ ၇ ရက်မနက်ပိုင်းက ဗောဓိတထောင် သာသနာ့နယ်မြေမှာ ဘုရားလုံခြုံရေးတာဝန်ကျတဲ့ ရဲနှစ်ယောက် ချောင်းမြှောင်းပစ်သတ်ခံခဲ့ရတယ် ၊ နောက်ပြီး ဗောဓိမြိုင် ဆရာတော်ကြီးရဲ့ ဘုန်းကြီးပျံပွဲသွားလမ်းတွေ ပိတ်ထားတယ် ” လို့ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က ပြောပါသေးတယ်။
ဓာတ်ပုံ ၊ မနေ့က မုံရွာမှာ ပစ်ခတ်မှုမြင်းကွင်း (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW