မြစ်ကြီးနားထောင် ဆူပူမှုဖြစ်စဥ်ကြောင့် ထောင်ဝန်ထမ်း ၁၃ ဦး အပြစ်ပေးခံရ



မေ ၊ ၁၀ ၊ ၂၀၂၄
TT(VOM)

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ မြစ်ကြီးနား အကျဥ်းထောင်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ထောင်တွင်းဆူပူမှုနဲ့ ပတ်သက်ပြီး ထောင်ဝန်ထမ်း ၁၃ ယောက်ကို ပြစ်ဒဏ်တွေချမှတ်လိုက်တယ်လို့ ထောင်ဝန်ထမ်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အကျဥ်းထောင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က
” ထောင်ဆူပူမှုဖြစ်စဥ် ဖြစ်ပေါ်ပြီးနောက်ပိုင်း ထောင်ဝန်ထမ်းတချို့ ခုံဖွဲ့စစ်ဆေးနေတာတွေရှိတယ် ၊ အဲ့ဒီ ခုံဖွဲ့စစ်ဆေးခံရတဲ့ထဲက ဝန်ထမ်း ၁၃ ယောက်ကို ပြီးခဲ့တဲ့ မေ ၃ ရက်က ရုံးထုတ်စစ်ဆေးတယ် ၊ ကနဦးကြားရတာက အဲ့ဒီ ဝန်ထမ်း ၁၃ ယောက်ကို အကျဥ်းထောင် လက်စွဲ ဥပဒေပုဒ်မ ၄၂ အရ ၊ တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို ထောင်ထဲမှာ ထုတ်သွင်းခြင်းဖြစ်စေ ၊ဆက်သွယ်ခြင်းဖြစ်စေ ပြုလုပ်တယ်လို့ စွပ်စွဲခံရပြီးနောက် ထောင်ဝန်ထမ်း ၁၃ ယောက်ကို ထောင်ဒဏ် ခြောက်လစီ အမိန့်ချလိုက်တယ် ” ပြောပါတယ်။

ဒါ့အပြင် နိုင်ရေးအကျဥ်းသား ကူညီစောင့်ရှောက်ပေးနေတဲ့ နိုင်/ကျဥ်းဟောင်းတယောက်က

” ထောင်ဆူပူမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ထောင်ဝန်ထမ်းတချို့ကို ပြစ်ဒဏ်ပေးလိုက်တာဟာ ပစ်ခတ်လို့ သေဆုံးသွားရတဲ့ အကျဥ်းသား လေးဦးအတွက် မျှတထိုက်တန်တဲ့ ပြစ်မှုအမျိုးအစားမျိုး မဟုတ်ဘူး ၊ ကြီးတဲ့အမှု သေးအောင်လုပ်တာလို့ ထင်မြင်မိတယ် ” လို့ ပြောပါတယ်။

မြစ်ကြီးနား အကျဥ်းထောင်ဝန်ထမ်းတချို့ ထောင်ဆူပူနဲ့ ပတ်သက်တယ်ဆိုကာ အရေးယူအပြစ်ပေးခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီ VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနား ထောင်ဆူပူမှုဖြစ်စဥ်မှာ အကျဥ်းသားလေးယောက် ပစ်သတ်ခံရပြီး ဆယ်ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံးခဲ့သူ ၄ ဦးထဲမှာ ၂ ဦးက နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး ကျန် ၂ ဦးကတော့ ရာဇဝတ်အကျဉ်းသားတွေ ဖြစ်ပါတယ်လို့ သိရပါတယ်။

အဲ့ဒီ သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၂ ဦးကတော့ ကိုအောင်နိုင်ထွန်းနဲ့ ကိုကျော်စိုးဝင်း ဖြစ်ပါတယ်လို့ သိရပြီး ၊ သူတို့ဟာ ပုဒ်မ ၅၀၅-က၊ လက်နက်မှု ၁၉(စ)၊ အကြမ်းဖက်ပုဒ်မ ၅၄ စတာတွေနဲ့ အကျဥ်းကျနေခံရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့နဲ့အတူ သေဆုံးရတဲ့ ရာဇဝတ်အကျဥ်းသား နှစ်ယောက်ကတော့ ဦးထွန်းဝင်းနဲ့ ဦးညွှန့်ဌေး တို့ ဖြစ်ပါတယ်။ သူတို့တွေကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW